top of page

အရည်အသွေးမြှင့်တင်ရန် အတွက် Deming ​၏ အကြံပြုချက် (၁၄) ချက်

ဒုတိယကမ္ဘာစစ်ပြီးနောက် ဂျပန်နိုင်ငံသို့ စက်မှုလုပ်ငန်းများနှင့် ပတ်သက်၍ အကြံဉာဏ်ပေးရန်အတွက် အမေရိကန်အစိုးရမှ စေလွှတ်ခဲ့သော ဒဲမင်း သည် အမေရိကန်နိုင်ငံသို့ ပြန်လည်ရောက်ရှိလာသော အခါ ဒဲမင်း​၏ ဒဿနပညာ (Deming Philosophy) ဟု ဆိုကာ အရည်အသွေးမြှင့်တင်ရာတွင် လိုက်နာရမည့် အကြံပြုချက် (၁၄) ချက် (Deming's 14 Points for Quality Improvement) တင်ပြခဲ့ပါသည်။


ထုတ်ကုန် နှင့် ဝန်ဆောင်မှုများ​၏ အရည်အသွေး ပိုမိုတိုးတက် ကောင်းမွန်စေရန် အတွက် တသတ်မတ်တည်းဖြစ်သော ဦးတည်ချက် လိုအပ်ပါသည်။ တနည်းအားဖြင့် အရည်အသွေး တိုးတက်ဖွံ့ဖြိုးရေးအတွက် ရည်ရွယ်၍ မမှိတ်မသုန် တစိုက်မှတ်မှတ် အားထုတ်ကြိုးပမ်းရန် လိုအပ်ပါသည်။


အတွေးအခေါ်သစ်၊ အမြင်သစ်များကို လက်ခံကျင့်သုံးရန် အတွက် အမြဲအဆင်သင့် ဖြစ်နေရပါမည်။


အရည်အသွေး ပြည့်မှီသည် ထုတ်ကုန်ပစ္စည်းများ၊ ဝန်ဆောင်မှုများ ရရှိစေရန်အတွက် ထုတ်ကုန်၊ ဝန်ဆောင်မှု အမြောက်အများအား စစ်ဆေးခြင်းမှ ရှောင်ကြဉ် သင့်ပါသည်။ ထိုကဲ့သို့ ပြုလုပ်ခြင်းသည် အမြောက်အများ ထုတ်လုပ်ရေး စနစ် (Mass Production System) များတွင် လွန်စွာမှ အချိန်ကုန်၍ ငွေကုန်ကြေးကျ များသည့် စစ်ဆေးခြင်းနည်းစနစ် တစ်ခုဖြစ်ပါသည်။


ဈေးနှုန်းသတ်မှတ်ချက်အပေါ်မူတည်၍ စီးပွားရေး ပြုလုပ်ခြင်းများ ရှောင်ရှားပါရန်။ ၎င်း အမူအကျင့်နှင့် လုပ်ထုံးလုပ်နည်းများသည် ရေရှည်စီးပွားရေး လုပ်ကိုင်ရာတွင် လွန်စွာမှ ဒုက္ခပေးတတ်သည့် အရာများဖြစ်သည်။


ထုတ်ကုန်ပစ္စည်းများ၊ ဝန်ဆောင်မှုများအား အရည်အသွေး တိုးတက်စေရန် ကျင့်ကြံအားထုတ်ရာတွင် စဉ်ဆက်မပြတ် ထာဝရတိုးတက်စေရန် အတွက် စနစ်တစ်ခု ထားရှိရပါမည်။


ဝန်ထမ်းများအား လေ့ကျင့်သင်ကြားပေးမှု (Training) များ နှင့် ပညာသင်ကြားရေး (Education) အစရှိသည့် လုပ်ဆောင်ချက်များကို လုပ်ကိုင်ရာတွင် ခေတ်ပေါ်နည်းစနစ် (Modern Methods) များကို အသုံးပြုသင့်ပါသည်။ ယခုဖော်ပြသည့် အချက်သည် အောက်ခြေဝန်ထမ်းများ (Floor Workers) မှ စ၍ မန်နေဂျာများ(Manager) များ အလယ်၊ ထိပ်သီးစီမံခန့်ခွဲမှုအဖွဲ့ (Top Management) များအထိ အကျုံးဝင်ပါသည်။



အဖွဲ့အစည်းတစ်ခုအား စနစ်တကျ ထိထိရောက်ရောက်နှင့် စွမ်းဆောင်ရည်မြင့်မြင့်မားမားဖြင့် ပဲ့ကိုင်ထိန်းကြောင်းနိုင်ရမည်။


အကြောက်တရားကို နှင်ထုတ်နိုင်ရမည်။ အချက် (၂) တွင် အတွေးသစ်၊ အမြင်သစ်များကို လက်ခံကျင့်သုံး ရမည်ဟု အထက်တွင် တင်ပြခဲ့ပြီးဖြစ်သည်။ ယင်းတို့ကြောင့် အဖွဲ့အစည်းအတွင်းတွင် ပြောင်းဆန်နေအောင် အပြောင်းအလဲ (Change) များ ပေါ်ပေါက်လာမည်ဖြစ်သည်။ တချို့သော သူများသည် အပြောင်းအလဲများကို လွန်စွာမှ ကြောက်ရွံ့ကြသည်။ ထို့ကြောင့် အပြောင်းအလဲ တစုံတစ်ရာအား လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အပြောင်းအလဲများကြောင့် ဖြစ်ပေါ်လာသည့် စိုးရိမ်ကြောင့်ကြမှု များကို မိမိတို့၏ စိတ်တွင်းမှ မောင်းထုတ်ရမည်ဟု ဆိုလိုခြင်းပင် ဖြစ်သည်။


ဌာနတစ်ခုနှင့် တစ်ခုကြားတွင် ဖြစ်ပေါ်လေ့ရှိသည့် ပြိုင်ဆိုင်မှုများ၊ တင်းမာခြင်းများ အစရှိသည်တို့ မဖြစ်ပေါ်စေရန်အတွက် ဌာနတစ်ခုနှင့် တစ်ခုကြားတွင် တားဆီးထားသည့် အတားအဆီးများကို ဖယ်ရှားရမည်ဖြစ်သည်။


ကုန်ထုတ်စွမ်းအား စံချိန်အသစ်များ၊ ချို့တဲ့မှုအပေါင်းမှ အလုံးစုံ ကင်းစင်ရေး မူဝါဒ (Zero Defect Policy) အစရှိသည့် အလွန်အကျွံ တောင်းဆိုသည့် ဆောင်ပုဒ်များ (Slogans) များ၊ ကြွေးကြော်သံများ၊ မဖြစ်နိုင်သည့် စွမ်းဆောင်ရည်ညွှန်းကိန်း (Performance Indicators) များ အစရှိသည့် သတ်မှတ်ခြင်းများကို အဖွဲ့အစည်းအတွင်းမှ ဖယ်ရှားသင့်ပါသည်။


ကိန်းဂဏန်းများ အသုံးပြု၍ ဖော်ပြထားသည့် ခွဲတမ်းစနစ်များ (Quotas) (ဥပမာ (၁) ရက်လျှင် မည်၍မည်မျှ အလုပ်ပြီးမြောက်ရမည်။) အစရှိသည်တို့ကို လုပ်ငန်းစဉ်များအတွင်းမှ ဖယ်ရှား၍ ယင်းတို့အစား တခြားအသုံးဝင်သည့် ကူညီထောက်ပံ့ပိုးမှုများ၊ ကြီးကြပ်မှုစနစ်ကောင်းများကို လက်တွေ့ အကောင်အဖော် ကြီးကြပ်ရမည်ဖြစ်သည်။


အချိန်ပိုင်း၊ နာရီပိုင်းနှင့်သာ လုပ်ခလစာပေးအပ်ရသည့် ဝန်ထမ်းများ (Part-Time Emoloyees) နှင့် အချိန်ပြည့်ဝန်ထမ်းများ (Full Time Employees) အကြားတွင်ဖြစ်ပေါ်တတ်သည့် လစာဖွဲ့စည်းပုံ (Payment Structure) (ဥပမာ ရာထူးနှင့် တာဝန်ခံမှု တူညီသော်လည်း အချိန်ပိုင်း လုပ်သားဖြစ်၍ လစာနှင့် အကျိုးခံစားခွင့်မတူညီမှု) အစရှိသည်တို့တွင် ဖြစ်ပေါ်တတ်သည့် အတားအဆီး (Barrier) များကိုလည်း ဖယ်ရှားပစ်ရမည် ဖြစ်ပါသည်။ ထိုကဲ့သို့ ခွဲခြားသည့် လစာဖွဲ့စည်းပုံကြောင့် ဝန်ထမ်းများအနေဖြင့် ယင်းတို့ တာဝန်ယူထားသည့် လုပ်ဆောင်ချက်များပေါ်တွင် ထားရှိသည့် ဂုဏ်စိတ်များ မှေးမှိန်နိုင်ပါသည်။


ပြင်းထန်ခက်ခဲ၍ ထိရောက်သည့် ပညာသင်ကြားမှုများ၊ ပြန်လည်လေ့ကျင့်သင်ကြားရေး (Retraining) အစရှိသည့် လုပ်ဆောင်ချက်များပြုလုပ်၍ ဝန်ထမ်းများအား လုပ်ငန်းခွင်အတွင်းတွင် လေ့ကျင့်သင်ကြားပေးသင့်ပါသည်။


အထက်တွင် ရေးသားဖော်ပြခဲ့သော အချက် (၁၃) ချက် ပေါက်မြောက်အောင်မြင်စေရန်အတွက် ထိပ်သီးစံမံခန့်ခွဲမှုအား သေသေချာချာ ဖွဲ့စည်း တည်ထောင်ရန်လိုအပ်ပါသည်။

Comments

Rated 0 out of 5 stars.
No ratings yet

Add a rating
bottom of page