အင်ဂျင်နီယာပညာရပ် (Engineering) နယ်ပယ်သည် တီထွင်ဖန်တီးမှု၊ ပုစ္ဆာနှင့် ပြဿနာများအား ဖြေရှင်းနိုင်မှု၊ အင်ဂျင်နီယာပညာရပ်ဆိုင်ရာစနစ်များ၊ နည်းပညာရပ်ဆိုင်ရာစနစ်များ၊ စက်ကိရိယာများ၊ အဆောက်အဦးများ နှင့်ပတ်သက်၍ ဒီဇိုင်းပြုလုပ်နိုင်မှု၊ တည်ဆောက်နိုင်မှု နှင့် လူသားတို့၏ လူနေမှုဘဝများကို တိုးတက်စေရန် ကြံဆောင်ပေးနိုင်မှုပင်ဖြစ်သည်။ အင်ဂျင်နီယာကောင်းတစ်ဦးဖြစ်စေရန်အတွက် စိတ်အားထက်သန်မှု၊ စဉ်ဆက်မပြတ်လေ့လာသင်ယူမှု၊ ဘက်စုံအရည်အချင်းများ ဖွံဖြိုးတိုးတက်ရန်လိုအပ်ပေသည်။ ဤသည်မှာ ပညာရဲရင့်ပွဲလယ်တင့်သော အင်ဂျင်နီယာတစ်ဦးဖြစ်စေရန်အတွက် လျှောက်လှမ်းရသည့် ခရီးလမ်းတွင် လိုအပ်သည့် လမ်းညွှန်မြေပုံတစ်ခုဖြစ်သည်။
သင်္ချာ နှင့် သိပ္ပံပညာရပ်တို့၏ အခြေခံကောင်းမွန်မှု
သင်္ချာ နှင့် သိပ္ပံပညာရပ်များသည် အင်ဂျင်နီယာပညာရပ်၏ အခြေခံအုတ်မြစ်များဖြစ်သည်။ ထိုဘာသာရပ်များကို နက်နဲစွာဖြင့် ထဲထဲဝင်ဝင်သိတတ်မှုသည် ရှုပ်ထွေးသည့်ပြဿနာရပ်များကို ကိုင်တွယ်ဖြေရှင်းရန်နှင့် ဆန်းသစ်သော နည်းလမ်းများနှင့် ဖြေရှင်းရန်အတွက်၊ ဆန်းသစ်သောနည်းလမ်းများဖန်တီးရန်အတွက် အရေးကြီးပါသည်။ အက္ခရာသင်္ချာ (Algebra)၊ ဂျီဩမေတြီ (Geometry)၊ ကဲကုလ (Calculus)၊ စာရင်းအင်းသင်္ချာ (Statistics)၊ ရူပဗေဒ (Physics) နှင့် ဓာတုဗေဒ (Chemistry) အစရှိသည့် နယ်ပယ်များကို ပိုင်ပိုင်နိုင်နိုင် တတ်မြောက်ကျွမ်းကျင်ဖို့ လိုအပ်ပါသည်။ ထိုဘာသာရပ်များ၏ အခြေခံသဘောတရားများကို လက်တွေ့ဘဝများတွင် အသုံးချ သုံးစွဲခြင်းဖြင့် ထိုဘာသာရပ်များမှ အင်ဂျင်နီယာပညာရပ်၏ အခြေခံသဘောတရားများသည် မည်သို့မည်ပုံဖြစ်ပေါ်လာသည်ကို သိရှိသဘောပေါက် နားလည်လာမည်ဖြစ်သည်။
အင်ဂျင်နီယာပညာရပ်နှင့် ပတ်သက်၍ စနစ်တကျသင်ယူလေ့လာပါ
မည်သည့် ဘာသာရပ်မဆို စနစ်တကျသင်ယူလေ့လာနိုင်မှသာလျှင် သေသေချာချာ တတ်မြောက်မည်ဖြစ်သည်။ တက္ကသိုလ်တစ်ခုခုမှ အင်ဂျင်နီယာပညာရပ် နှင့် ပတ်သက်သည့် ဘွဲ့၊ ဒီပလိုမာ အစရှိသဖြင့် တစ်ခုခုကို စတင်လေ့လာဆည်းပူးသင့်ပါသည်။ မိမိစိတ်ဝင်စားသည့် အထူးပြုအင်ဂျင်နီယာဘာသာရပ်များ၊ သက်မွေးဝမ်းကျောင်းအဖြစ် မိမိတို့ ရည်မှန်းထားရာ အထူးပြု အင်ဂျင်နီယာဘာသာရပ်များကို လေ့လာသင့်ပါသည်။ ဥပမာ မြို့ပြအင်ဂျင်နီယာပညာရပ်၊ လျှပ်စစ်စွမ်းအား အင်ဂျင်နီယာပညာရပ် အစရှိသဖြင့်။ သီဝရီနှင့်ပတ်သက်သည့် အရာများအားလေ့လာသင်ယူခြင်း၊ လက်တွေ့လုပ်ဆောင်ချက်များ လုပ်ဆောင်ခြင်း၊ တက္ကသိုလ်များမှ အလုပ်သင်များအဖြစ် လေ့လာရန် တာဝန်ပေးအပ်လိုက်သည့် လုပ်ငန်းခွင်များတွင်လည်း လက်တွေ့နှင့် ပတ်သက်သည့် အတွေ့အကြုံကောင်းများ ရရှိစေရန်အတွက် မခိုမကပ်ပဲ သေသေချာချာ လုပ်ကိုင်ဆောင်ရွက် သင့်ပါသည်။
နည်းပညာနှင့်ပတ်သက်သည့် ကျွမ်းကျင်မှုများ
အင်ဂျင်နီယာပညာရပ် နယ်ပယ်သည် ကိရိယာတန်ဆာပလာများ၊ နည်းပညာရပ်များနှင့် ပတ်သက်၍ အသုံးပြုပုံ၊ အသုံးချပုံတို့ကို သိရှိနားလည်သဘောပေါက်၍ ကျွမ်းကျွမ်းကျင်ကျင် ကိုင်တွယ်နိုင်သည့် လိုအပ်ချက်များ လိုအပ်သည့် သက်မွေးဝမ်းကြောင်း နယ်ပယ်တစ်ခုဖြစ်ပါသည်။ AutoCAD ကဲ့သို့ သော Computer Aided Design Software များ၊ Programming Language များ အစရှိသဖြင့် ထိုအရာများကို ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးချတတ်သည်အထိ လေ့လာသင်ယူထားဖို့ လိုအပ်ပါသည်။ ပြောင်းလဲနေသည့် နည်းပညာရပ်များကို မျက်ခြေမပြတ်လေ့လာနေရမည့် သက်မွေးဝမ်းကျောင်းပညာရပ် ဖြစ်ပါသည်။
ပြဿနာဖြေရှင်းနိုင်မှု စွမ်းအား
အင်ဂျင်နီယာပညာရပ်၏ အသက်သွေးကြောသည် ပြဿနာများကို ကိုင်တွယ်ဖြေရှင်းမှု ဖြစ်သည်။ ရှုပ်ထွေးသည့် စိန်ခေါ်မှုများကို ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းနိုင်ခြင်း၊ ခိုင်မာသည့် ခွဲခြမ်းစိတ်ဖြာမှုများပြုလုပ်နိုင်ခြင်း၊ ဝေဖန်ပိုင်းခြားတွေးခေါ်နိုင်ခြင်း၊ ပြဿနာများကို သေးငယ်၍ စီမံခန့်ခွဲနိုင်သည့် အစိတ်အပိုင်းများအဖြစ် ခွဲခြမ်းပြီး မည်သို့မည်ပုံ ချဥိးကပ်၍ မည်သည့်ရှုထောင့်မှ ချဉ်းကပ်ဖြေရှင်းလျှင် အကောင်းဆုံးဖြစ်မည်ကို တွေးတော့ကြံဆတတ်ခြင်း စသည်တို့အား ကျွမ်းကျင်စေရန် လေ့လာလိုက်စား လေ့ကျင့်ထားသင့်သည်။ ပြင်ပလောကတွင် နေ့စဉ်ကြုံတွေ့ရမည့် ပြဿနာများသည် များသောအားဖြင့် တီထွင်ကြံဆတွေးတောမှု၊ ဖြတ်ထိုးဥာဏ် အသုံးချနိုင်မှု အစရှိသဖြင့် ပြောင်းလဲနေသည့် အခြေအနေပေါ်လိုက်၍ လိုက်လျောညီထွေ အသုံးချရန်လိုအပ်သည့်အတွက် ကြောင့်ပင်ဖြစ်သည်။
ဆက်ဆံပြောဆိုမှု နှင့် ပတ်သက်သည့် စွမ်းရည်
အင်ဂျင်နီယာများ အနေဖြင့် မိမိတို့၏ စိတ်ကူးစိတ်သန်းများနှင့် အတွေးအမြင်များကို ရှင်းရှင်း လင်းလင်း ထိထိရောက်ရောက်ဖြင့် တင်ပြပြောဆိုရန် လိုအပ်ပါသည်။ အသေးစိတ်အစီရင်ခံစာတင်ပြမှုများ၊ Presentation ပြလုပ်နိုင်မှု၊ အင်ဂျင်နီယာနှင့် နည်းပညာသမားမဟုတ်သည့် သူများအား နည်းပညာဆိုင်ရာ သတင်းအချက်အလက်များကို တင်ပြနိုင်မှု အစရှိသည့် ဆက်ဆံပြောဆိုမှုများ နှင့် ပတ်သက်သည့် ကျွမ်းကျင်မှုများ လိုအပ်ပါသည်။ လုပ်ဖော်ကိုင်ဖက်များနှင့် ဆက်ဆံရာတွင်၎င်း၊ ဝယ်ယူစားသုံးသူများနှင့် ဆက်ဆံရာတွင်၎င်း၊ တခြားသော Stakeholders များနှင့် ပူးပေါင်းဆောင် ရွက်ရာတွင်၎င်း ဆက်ဆံပြောရေးသည် အရေးပါသည် စွမ်းရည်တစ်ခုပင်ဖြစ်သည်။
အစုအဖွဲ့ဖြင့် ပူးပေါင်းလုပ်ဆောင်တတ်ခြင်း
အင်ဂျင်နီယာနည်းပညာနဲ့ပတ်သက်သည့် စီမံကိန်းများသည် များသောအားဖြင့် အစုအဖွဲ့နှင့် ပူးပေါင်းလုပ်ကိုင်ဆောင်ရွက်ရသည့် အရာများဖြစ်ပါသည်။ အစုအဖွဲ့ဖြင့် ပူးပေါင်းလုပ်ကိုင် ဆောင်ရွက်တတ်ခြင်းသည် စီမံကိန်းတစ်ခု၏ အောင်မြင်မှုအတွက် အဓိကကျပါသည်။ တခြားသော လူပုဂ္ဂိုများဖြင့် ပူးပေါင်းလုပ်ကိုင်ဆောင်ရွက်တတ်ခြင်း၊ တာဝန်ယူမှု တာဝန်ခံမှုရှိခြင်း၊ မတူကွဲပြားသည့် ရှုထောင့်များ အတွေးအခေါ်များကို လက်ခံတတ်ခြင်း အစရှိသည့် ဤအရာများကိုလည်း လက်ခံကျင့်သုံးရန်လိုအပ်ပါသည်။ ပညာသင်ယူနေစဥ်ကာလများထဲမှ အစုအဖွဲ့များနှင့် ပူးပေါင်း လုပ်ကိုင်တတ်စေရန်ကြိုးစားအားထုတ်ခြင်း၊ လုပ်ဆောင်ချက်မတူညီသည့် အစုအဖွဲ့များနှင့် ပူးပေါင်းလုပ်ဆောင်တတ်စေရန် လေ့လာသင်ယူခြင်း အစရှိသည့် လုပ်ဆောင်ချက်များကို လုပ်ကိုင်သင့်ပါသည်။ အစုအဖွဲ့များနှင့် ပူးပေါင်းလုပ်ကိုင်ဆောင်ရွက်တတ်ခြင်းသည် ပြဿနာများ ဖြေရှင်းရာတွင် ပိုမိုတိုးတက်ကောင်းမွန်လာခြင်း နှင့် တီထွင်ဖန်တီးနိုင်မှုစွမ်းအားများကို တိုးတက် ကောင်းမွန်စေပါသည်။
သိချင်စိတ်တတ်ချင်စိတ်ဖြင့် စူးစမ်းဆင်ခြင်လေ့လာနိုင်မှု
အင်ဂျင်နီယာနယ်ပယ်သည် အမြဲတစေ တိုးတက်လျက်ရှိပါသည်။ သိချင်စိတ်၊ တတ်ချင်စိတ်၊ စူးစမ်းချင်စိတ်ရှိ၍ စဥ််််ဆက်မပြတ်လေ့လာသင်ယူမှုများကို လုပ်နိုင်ပါမှ အလုပ်အကိုင်အခွင့်အလမ်းကောင်းများကို ရရှိမည်ဖြစ်ပါသည်။ မိမိရွေးချယ်ထားသည့် အင်ဂျင်နီယာနယ်ပယ်တွင် နောက်ဆုံးပေါ်တိုးတက်မှုများကို အမှီလိုက်ရန်အတွက် အလုပ်ရုံဆွေးနွေးပွဲများ၊ နှီးနှောဖလှယ်ပွဲများ၊ သင်တန်းများ၊ ကွန်ဖရင့်များကို တက်ရောက်သင့်ပါသည်။ အသိပညာနှင့် ကျွမ်းကျင်မှုများကို ချဲ့ထွင်နိုင်ရန်အတွက် အဆင့်မြင့်ဘွဲ့များ၊ အဆင့်မြင့်ပညာရပ်ဆိုင်ရာ သင်တန်းကျောင်းများ၊ ကောလိပ်များ၊ တက္ကသိုလ်များတက်ရောက်လေ့လာသင့်ပါသည်။ အင်ဂျင်နီယာကောင်းတစ်ဦးသည် အယူအဆသစ်များနှင့် နည်းပညာသစ်များကို သင်ယူလေ့လာရန်အတွက် အဆင်သင့်ဖြစ်နေရန် လိုအပ် ပါသည်။
လုပ်ငန်းအတွေ့အကြုံရယူပါ
အင်ဂျင်နီယာတစ်ဦးအတွက် အတွေ့အကြုံဟူသည့်အရာသည် အဖိုးမဖြတ်နိုင်သည့် အရာတစ်ခု ဖြစ်သည်။ အလုပ်သင် အင်ဂျင်နီယာရာထူးများ၊ လက်တွေ့ကျ၍ အတွေ့အကြုံများကို လက်ဆင့် ကမ်းပေးနိုင်သည့် စီနီယာအင်ဂျင်နီယာကြီးမှ ထံမှအတွေ့အကြုံများကို သင်ယူလေ့လာခြင်း အစရှိသည်တို့ကို ပြုလုပ်သင့်သည်။ ပြင်ပလက်တွေ့ဆိုင်ရာ လုပ်ငန်းခွင်များတွင် အလုပ်လုပ်ခြင်းအားဖြင့် သီအိုရီများနှင့် လက်တွေ့များကို ပူးပေပေါင်းသုံးစွဲတတ်လာခြင်း၊ နည်းပညာဆိုင်ရာ ကျွမ်းကျင်မှုများ တိုးတက်လာစေရန်နှင့် လုပ်ငန်းဆိုင်ရာ လက်တွေ့လုပ်ဆောင်မှုများ အပြင်ထိုးထွင်းသိမြင်မှု များရရှိစေရန်အတွက် အထောက်အကူများစွာဖြစ်စေနိုင်ပါသည်။ လက်တွေ့ အတွေ့အကြုံများသည် ကိုယ်ရေးရာဇဝင်ပေါ်တွင် လွန်စွာမှမျက်နှာပန်းလှ၍ အလုပ်ရှာဖွေရာတွင် ပိုမိုလွယ်ကူစေပါသည်။ လစာထက် ရရှိနိုင်မည့် အတွေ့အကြုံပေါ်မူတည်၍ အတွေ့အကြုံပိုမိုရရှိစေနိုင်သော အလုပ်အကိုင်များကို အင်ဂျင်နီယာအဖြစ် စတင်သက်မွေးဝမ်းကြောင်းပြုသည့် အချိန်များတွင် ရွေးချယ်သင့်ပါသည်။
ကျင့်ဝတ်သိက္ခာစောင့်စည်းခြင်း
အင်ဂျင်နီယာများသည် လုပ်ငန်းခွင်များအတွင်း ကျင့်ဝတ်သိက္ခာစံနှုန်းများကို လိုက်နာရန်တာဝန် ရှိပါသည်။ အင်ဂျင်နီယာပညာရပ်နှင့် ပတ်သက်၍ အသင်းအဖွဲ့များ၊ အဖွဲ့အစည်းများမှ သတ်မှတ်ထား သည့် စည်းမျဥ်းဥပဒေစံနှုန်းများအား နားလည်သဘောပေပေါက်လိုက်နာရန်လိုအပ်ပါသည်။ လုပ်ငန်းခွင် ဘေးအန္တရယ် ကင်ရှင်းရေး၊ ရေရှည်တည့်တံ့ရေးနှင့် လူ့အဖွဲ့အစည်းသာယာဝပြောရေး အစရှိသည်တို့ကို ဦးစားပေးသည့်ဆုံးဖြတ်ချက်များ ချမှတ်ရန်လိုအပ်ပါသည်။ ကျင့်ဝတ်သိက္ခာ နှင့် ပတ်သက်သည့် အင်ဂျင်နီယာအလေ့အထများသည် လုပ်ငန်းခွင်များအတွင်း ယုံကြည်မှုနှင့် ယုံကြည်စိတ်ချရမှုကို တည်ဆောက်ပေးပါသည်။
Comments