top of page

အင်ဂျင်နီယာပညာရပ်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

Writer's picture: Zeyar Than WinZeyar Than Win

အင်ဂျင်နီယာပညာရပ် ဆိုသည်မှာ သိပ္ပံပညာရပ်များ ၊ သင်္ချာပညာရပ်များနှင့် နည်းပညာဆိုင်ရာ အခြေခံ သဘောတရား များကို လက်တွေ့အသုံးချ၍ အဆောက်အဦးများ၊ စက်ပစ္စည်းများ၊ စနစ်များ နှင့် လုပ်ငန်းစဉ်များ အစရှသည်တို့ကို ဒီဇိုင်းပြုလုပ်ခြင်း၊ ဖွံ့ဖြိုးတိုးတက်စေရန်ပြုလုပ်ခြင်း၊ လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊ ပြုပြင်ထိန်း သိမ်းခြင်း အစရှိသည့်လုပ်ဆောင်ချက်များကို လေ့လာသည့် ပညာရပ်တစ်ခုဖြစ်သည်။ ABET (American Board of Engineering and Technology) အမေရိကန်နည်းပညာနှင့်အင်ဂျင်နီယာပညာဆိုင်ရာအဖွဲ့အစည်းကမူ အင်ဂျင်နီယာ ပညာရပ်အား “ရူပဗေဒပညာရပ်၊ သင်္ချာပညာရပ်နှင့် လူမှုရေးသိပ္ပံပညာရပ်တို့အား ပေါင်းစပ်ထားသည့် အနုပညာ ဖြစ် သည်” ဟူ၍ အဓိပ္ပာယ်ဖွင့်ဆိုခဲ့သည်။


အင်ဂျင်နီယာများဟု ခံယူထားသည့် သက်မွေးဝမ်းကျောင်းပညာရှင်များသည် စက်မှုလုပ်ငန်းများတွင် ဖြစ်ပေါ်လေ့ ရှိသည့် ပြဿနာများအား အဖြေရှာဖွေ ထုတ်ဖော်ပေးရန် တာဝန်ရှိသည်။ စက်မှုလုပ်ငန်းများဟု ဆိုရာတွင် စက်မှုလုပ်ငန်းများဖြစ်သည့် စက်ရုံများသာမက တခြားသော အင်ဂျင်နီယာပညာရပ်များ အသုံးချသည့် လုပ်ငန်းနယ်ပယ် များဖြစ်သည့် လေ‌ကြောင်းနှင့်အာကာသဆိုင်ရာနယ်ပယ်များ၊ ရေ‌ကြောင်းအင်ဂျင်နီယာဆိုင်ရာနယ်ပယ်များ၊ မော်တော် ယဥ်အင်ဂျင်နီယာ ပညာရပ်ဆိုင်ရာနယ်ပယ်များ၊ ဆေက်လုပ်ရေးဆိုင်ရာနယ်ပယ်များ၊ စွမ်းအင်ဆိုင်ရာနယ်ပယ်များ၊ ဇီဝ ဗေဒ နှင့် ဆေးပညာဆိုင်ရာ နယ်ပယ်များ၊ ထုတ်လုပ်ရေးဆိုင်ရာနယ်ပယ်များ နှင့် ဆက်သွယ်ရေး နှင့် သတင်းအချက် အလက် ပညာရပ်ဆိုင်ရာ နယ်ပယ်များတွင် ပါဝင်သည့် အင်ဂျင်နီယာပညာရပ် အားလုံး အကျုံးဝင်ပါသည်။


အင်ဂျင်နီယာပညာ ၏ မူရင်းအင်္ဂလိပ်စကားလုံးဖြစ်သည့် “Engineering” ဟူသည့် ဝေါဟာရသည် လက်တင်စကားလုံး ဖြစ်သည့် “Ingenium” မှဆင်းသက်လာခဲ့၍ ကြံစည်ဖန်တီးတတ်ခြင်း ဟု အဓိပ္ပာယ်ဖွင့်ဆို၍ရပါသည်။ ကြံစည်ဖန်တီး တတ်ခြင်းဟု ဆိုရာတွင် ရှုပ်ထွေးသည့် ပြဿနာများ၊ ပုစ္ဆာများအား ဝေဖန်ပိုင်းခြားတွေးခေါ်တတ်ခြင်း၊ ယင်းတို့အပေါ် တွင် တွေးတောဆင်ခြင်၍ တီထွင်ဖန်တီး နိုင်စွမ်းအားရှိခြင်း အစရှိသည် စွမ်းရည်များရှိရုံသာမက ရှုပ်ထွေးနက်နဲလှသည့် ပြဿနာရပ်များကိုပါ ထိထိရောက်ရောက်ဖြင့် စွမ်း‌ဆောင်ရည်ကောင်းမွန်လှသည့် အဖြေများရှာဖွေပေးခြင်း အစရှိတို့ ပါ အကျုံးဝင်ပါသည်။ အင်ဂျင်နီယာပညာရပ်၏ အခြေခံသဘောတရား နိယာမ တစ်ခုသည် သိပ္ပံပညာရပ်များ၏ နိယာမများ ကိုအသုံးချ၍ သီအိုရီများအား မှန်ကန်မှုရှိစေရန် စမ်းသပ်ခြင်းနှင့် ယင်းသီအိုရီများကို လက်တွေ့အသုံးချ၍ လူသားတို့ အားအကျိုးပြုနိုင်သည့် အဆောက်အဦးများ၊ စက်ပစ္စည်းများ၊ စနစ်များ၊ လုပ်ငန်းစဥ်များ အစရှိသည်တို့ကို တီထွင်ခြင်း၊ မွမ်းမံခြင်း အစရှိသည်တို့ ဖြစ်ပါသည်။


ထို့ကြောင့် အင်ဂျင်နီယာများသည် သိပ္ပံပညာရပ်များဖြစ်သည့် ရူပ ဗေဒ၊ ဓာတုဗေဒ၊ ဇီဝဗေဒ အစရှိသည့် သိပ္ပံပညာရပ်များနှင့် သင်္ချာပညာရပ် တို့အပေါ်တွင် အခြေခံ၍ စက်ပစ္စည်းများ၊ အဆောက်အဦးများ၊ စနစ်များ နှင့် လုပ်ငန်းစဥ်များကို ဒီဇိုင်းဆွဲခြင်း၊ ဖန်တီးခြင်း အစရှိသည့် ဆောင်ရွက်ချက်များကို လုပ်ဆောင်ကြပါသည်။ ထုတ်ကုန်များ၊ စနစ်များ နှင့် လုပ်ငန်းစဥ်များကို မပြုလုပ်မီ ကွန်ပျူတာသရုပ်ဖော် ဆော့ဖ်ဝဲများ (Simulations) များကို အသုံးချ၍ စမ်းသပ်ခြင်းများ၊ ရှေ့ပြေးပုံစံများ အစရှိသည်တို့ကိုလည်း အသုံးပြု၍ တီထွင်ထား သည့် အရာများသည် ပကတိမြေပြင်တွင် မည်မျှအသုံးတည့်မည်၊ ဒီဇိုင်းတွက်ချက်မှု အစရှိသည်တို့သည် မည်မျှခိုင်မာ သည် အစရှိသည်တို့ကိုလည်း အင်ဂျင်နီယာများ အနေဖြင့် စမ်းသပ်ရန်လိုအပ်ပါသည်။ ထိုကဲ့သို့သော အလားတူ လုပ်ငန်းစဥ်များကို အပြည်ပြည်ဆိုင်ရာစံချိန်စံညွှန်းသတ်မှတ်ချက်များ ဖြစ်သည့် (ISO Standards) များတွင် စစ်ဆေး အတည် ပြုချက်ရယူခြင်း (Verification) နှင့် အဆိုပြုချက်များပေါ်တွင် ခိုင်မာမှုရှိခြင်းအားအတည်ပြုမှု (Validation) ဟုခေါ်ဝေါ်သုံးစွဲပါသည်။


အင်ဂျင်နီယာပညာရပ်၏ နောက်ထပ်ရှုထောင့်တစ်ခုသည် နည်းပညာနှင့် နည်းပညာဆိုင်ရာ ကျွမ်းကျင်မှုများကို အသုံးချ ခြင်းပင် ဖြစ်ပါသည်။ အင်ဂျင်နီယာများသည် နည်းပညာများနှင့် ယင်းတို့နှင့်သက်ဆိုင်သည့် ကိရိယာတန်ဆာပလာများ အသုံးချရာတွင် ကျွမ်းကျင်လိမ္မာမှုရှိရမည် ဖြစ်သည်။ ဥပမာအနေဖြင့် တင်ပြရသော ကျွန်ပျူတာပရိုဂရမ်မင်းနှင့် ပတ်သက်သည့် ကျွမ်းကျင်မှုများ၊ CAD (Computer Aided Design) ခေါ် ကွန်ပျူတာ အထောက်အကူပြု ဒီဇိုင်း ဆောဖ်ဝဲများ နှင့် ခေတ်ပေါ်ထုတ်လုပ်ရေးနှင့် နည်းပညာမြင့်သုံး စက်ကိရိယာ များကိုပါ ကျွမ်းကျင်လိမ္မာစွာ ကိုင်တွယ်အသုံးချတတ် ရန်လိုအပ်ပါသည်။ ထို့ပြင် အင်ဂျင်နီယာတစ်ဦးသည် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး နှင့် ပတ်သက်သည့် စံချိန်စံညွှန်းသတ်မှတ်ချက်များ (Safety Standards) သာမက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး နှင့် ပတ်သက်သည့် စံချိန်စံညွှန်းသတ်မှတ်ချက်များ (Environmental Management Standards) များကိုပါ သိရှိနားလည် သဘောပေါက်၍ လိုက်နာကျင့်သုံးရန် လိုအပ်ပါသည်။


အင်ဂျင်နီယာပညာရပ်နယ်ပယ်သည့် အထူးကျယ်ပြန့်သည့် လုပ်ငန်းနယ်ပယ် ဖြစ်ပါသည်။ ထို့ကြောင့် အင်ဂျင်နီယာများ အနေဖြင့် အထူးပြုလေ့လာမည့်ဘာသာရပ်များကို ဆုံးဖြတ်ချက်ချမှတ်၍ ယင်းအထူးပြုဘာသာရပ်နှင့် ပတ်သက်၍ သက်မွေးဝမ်းကျောင်းပြုနိုင်သည် အထိ‌ လေ့လာလိုက်စားရန်လိုအပ်ပါသည်။ အထူးပြုအင်ဂျင်နီယာ ဘာသာရပ်များဟု ဆိုရာတွင် မြန်မာနိုင်ငံတွင် ရေပန်းစားသည့် မြို့ပြအင်ဂျင်နီယာပညာ၊ လျှပ်စစ်စွမ်းအားအင်ဂျင်နီယာပညာ၊ စက်မှု စွမ်းအားအင်ဂျင်နီယာပညာ၊ အီလက်ရောနစ်အင်ဂျင်နီယာပညာ များသာမက တခြားသောအင်ဂျင်နီယာဘာသာရပ်များ ဖြစ်သည့် သတ္တုတူးဖော်ရေးအင်ဂျင်နီယာပညာ၊ ချည်မျှင်နှင့်အထည်စက်အင်ဂျင်နီယာပညာ၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ အင်ဂျင်နီယာပညာ အစရှိသည်ဖြင့် အထူးပြုနိုင်သည့် ဘာသာရပ်များစွာရှိပါသေးသည်။ စာရေးသူကိုယ်တိုင်ပင်လျှင် ရေပန်းစားသည့် အင်ဂျင်နီယာပညာ စီးကြောင်းထဲမှ ဘာသာရပ်တစ်ခုမဟုတ်သည့် အရည်အသွေးအင်ဂျင်နီယာ ဘာသာရပ် ကို အထူးပြုလေ့လာခဲ့ပါသည်။ မည်သည့် အထူးပြုကိုလေ့လာသည်ဖြစ်စေ ယင်းအထူးပြုဘာသာရပ်နှင့် ပတ်သက်သည့် စိန်ခေါ်မှုသည် ရှိစမြဲပင်ဖြစ်သည်။ မည်သည့် ဘာသာရပ်က ပိုကောင်းသည်၊ ပိုမြင့်သည်ဟူ၍ မရှိပါ။ အလုပ်ရနိုင်ခြေမြင့်သည် နိမ့်သည်ဟူ၍ မရှိပါ။ သင်ကိုယ်တိုင် သင်အထူးပြုသည့် ဘာသာရပ်ကို ထုံးလိုမွှေ၊ ရေကိုနှောက်၍ ချေးခါးအူမကျန် တတ်သိနားလည်ရန်သာ လိုအပ်ပါသည်။


အင်ဂျင်နီယာများသည် နေရာစုံ၊ နယ်ပယ်စုံတွင် အလုပ်လုပ်ရသည့် သက်မွေးဝမ်းကျောင်း ပညာရှင်များ ဖြစ်ကြပါသည်။ သုတေသနနယ်ပယ်များတွင်၎င်း၊ ဆောက်လုပ်ရေးလုပ်ငန်းခွင်များတွင်၎င်း၊ ထုတ်လုပ်ရေးလုပ်ငန်းခွင်များတွင်၎င်း၊ အစိုးရဌာနများတွင်၎င်ဂ စသည့်ဖြင့် လုပ်ငန်းနယ်ပယ်ပေါင်းစုံတွင် ပုံစံပေါင်းစုံဖြင့် အသက်မွေးဝမ်းကျောင်းပြုလုပ် ရသူများဖြစ်ကြပါသည်။ လုပ်ငန်းနယ်ပယ် တူညီခြင်းမရှိသည့် အခြားသောသက်မွေးဝမ်းကျောင်းပညာရှင်များ၊ စီးပွားရေးသမားများ၊ အနုပညာရှင်များ စသည်တို့သည် တွဲဖက်အလုပ်လုပ်ကိုင်၍ အကျိုးဖြစ်ထွန်းစေသည့် စီမံကိန်းများ၊ သုတေသနလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ရသူများ ဖြစ်ကြပါသည်။


အချုပ်အားဖြင့် ဆိုရသော် အင်ဂျင်နီယာပညာရပ်ဆိုသည်မှာ စိတ်ဝင်စားဖွယ်ရာအတိဖြစ်သော လုပ်ငန်းနယ်ပယ်ပင် ဖြစ်ပါသည်။ ကမ္ဘာကြီးအားတိုးတက်ဖွံ့ဖြိုးစေရန်နှင့် လူနေမှုဘဝများအား မြင့်မားလာစေရန်အတွက် အင်ဂျင်နီယာများ သည် အဓိကကျသော အခန်းကဏ္ဌတွင် ပါဝင်ပါသည်။

Comments

Rated 0 out of 5 stars.
No ratings yet

Add a rating
bottom of page