ကိုယ်တိုင်လေ့လာသင်ယူခြင်း၏ အခြေခံသဘောတရားများ
- Zeyar Than Win
- Oct 17, 2024
- 3 min read
ကျွန်ုပ်တို့ အများစု (သို့မဟုတ်) အနည်းဆုံးတော့ ကျွန်ုပ်တို့၏ မိဘများသည် သတင်းအချက်များရယူရန်အတွက် လွန်စွာလွယ်ကူသည့် သတင်းအချက်အလက်ခေတ် (Information Age) ၏ ပညာရေးကိုရရှိခဲ့ကြသူများ မဟုတ်။ (၂၀) ရာစုခေတ်၏ ပညာရေးကို ရရှိခဲ့ကြသူများသာ ဖြစ်သည်။ စာသင်ခန်းများ၊ လက်တွေ့ဓာတ်ခွဲခန်းများ၊ အလုပ်ရုံများ နှင့် ကွင်းပြင်များတွင် အစရှိသည့် အရပ်များတွင် ကျွန်ုပ်တို့ အနေဖြင့် သင်ယူမှုပြုခဲ့ကြသည်။ ထို့ပြင် ကျွန်ုပ်တို့သည် တချို့သော အလုပ်ကိစ္စများတွင် ကျွမ်းကျင်ပေါက်မြောက်ရန် အလို့ငှါ သက်မွေးပညာလေ့ကျင့်ရေးသင်တန်းကျောင်းများ၊ ရုံးချိန်လွတ် ညနေပိုင်းသင်တန်းများ အစရှိသည်တို့တွင်လည်း သင်ယူလေ့လာကြပြန်သေးသည်။ တစ်ခုခုကို သင်ယူလေ့လာမည်၊ ပေါက်မြောက်အောင်မြင်ချင်သည်ဆိုလျှင် ကြိုးစားအားထုတ်မှု အမြောက်အများ ပြုလုပ်ရန်လိုအပ်ပါသည်။ စွယ်စုံကျမ်းများအကြောင်းကို စဉ်းစားကြည့်ပါ။ ၄င်းတို့သည် လူကြိုက်များ၍ လွန်စွာမှ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ခဲ့ပါသည်။ အဘယ့်ကြောင့်နည်း။ အကြောင်းမှာ အချက်အလက်ရှာဖွေရန် (သို့မဟုတ်) ကိုယ်တိုင်လေ့လာသင်ယူမှု ပြုလုပ်ရန်အတွက် ထိုခေတ်၊ ထိုအခါများက အခြားနည်းလမ်းမရှိသည့်အတွက် စွယ်စုံကျမ်းများကို အားထားခဲ့ရသောကြောင့် ဖြစ်သည်။ သင်စိတ်ဝင်စားသည့် အရာများကို လေ့လာသင်ယူနိုင်စွမ်းမရှိသည့်အခါ၊ အသိပညာ၊ အတတ်ပညာ အစရှိသည်တို့ကို လေ့လာဆည်းပူးနိုင်ရန် ခက်ခဲသည့်အခါမျိုးတွင် သင့်အနေဖြင့် စိတ်ဓာတ်များကျဆင်း၍ အမှောင်ခေတ်သို့ ရောက်ရှိနေသည်ဟု ခံစားရမည်ဖြစ်သည်။
ထိုကဲ့သို့ မိရိုးဖလာ၊ သမရိုးကျဖြစ်သည့် ပတ်ဝန်းကျင်တွင် သင်တို့အနေဖြင့် မည်သည့်အရာများ သင်ယူရမည်ကို သူတစ်ပါးက ကြိုတင်ဆုံးဖြတ်ပေးခြင်းပင်ဖြစ်သည်။ ဥပမာအားဖြင့် ပညာရေးဝန်ကြီးဌာနမှ သင်ရိုးဆွဲခြင်း၊ ကျောင်းဘုတ်အဖွဲ့များ၊ သင်တန်းဆရာ၊ နည်းပြ သို့မဟုတ် မိသားစုဝင် တစ်ဦးဦးသည် အစရှိသဖြင့် တစ်စုံတစ်ယောက်ယောက်က မည်သည့်အရာများ သင်ယူရမည်၊ သင်ယူသင့်သည်ကို ဆုံးဖြတ်ချက်ချသည့် ကိစ္စများကို ဆိုလိုခြင်းဖြစ်သည်။ သမရိုးကျ မိရိုးဖလာ အဝန်းအဝိုင်းတွင် သင်ယူခြင်းဆိုသောအရာသည် မိဘမှ သားသမီး၊ ဆရာမှ ကျောင်းသား အစရှိသဖြင့် အထက်မှအောက်သို့ စီးဆင်းနေသည့် ပုံစံမျိုးဖြစ်သည်။ ကိုယ်တိုင်လေ့လာသင်ယူခြင်း သည် တစ်ဘာသာဖြစ်သည်။ ကိုင်တိုင်လေ့လာသင်ယူခြင်း အများစု (အားလုံးတွင်မဟုတ်) တွင် ကိုယ်တိုင်လေ့လာသင်ယူခြင်းဖြင့် ရရှိလာသည့် အသိပညာ၊ အတတ်ပညာ၊ ဗဟုသုတ အစရှိသည်များကို လူသိများသော (သို့မဟုတ်) အသိအမှတ်ပြုထားသော ရင်းမြစ်များမှ (ဥပမာ ကျောင်း၊ ကောလိပ်၊ တက္ကသိုလ်) ရရှိသည့် ပညာရေးကဲ့သို့ တရားဝင်အဖြစ် မယူဆကြခြင်းပင်ဖြစ်သည်။ အသက်မွေးဝမ်းကြောင်း အလုပ်တစ်ခုသို့ ဝင်ရောက်ရန် (သို့မဟုတ်) ရှုထောင့်တစ်ခုတစ်နေရာရာတွင် ထည့်သွင်းစဉ်းစားခံရနိုင်ရေးအတွက်မှာမူ သင်၏အနေဖြင့် သင့်လျော်လျှောက်ပတ်၍ လူအများစုလက်ခံထားသော လမ်းကြောင်းတစ်ခုကို ဖြတ်သန်း၍ သင်သည် အသိပညာတစ်ခု၊ အတတ်ပညာတစ်ခုအား တတ်မြောက်ကြောင်းကို တခြားသူတို့အားသက်သေပြသနိုင်ရန်အတွက် စာရွက်များ (အောင်လက်မှတ်များ၊ ဘွဲများ) အစရှိသည်တို့ကို လိုအပ်နေခြင်းပင်ဖြစ်သည်။ ထိုကဲ့သို့ စာရွက်များသာ ပညာထင်၍ စာရွက်များသာ စစ်ဆေးလေ့ရှိသော ဂိတ်စောင့်များကြောင့် တခါတရံတွင် သင့်ဘဝအတွက် အတားအဆီး ဖြစ်စေတတ်သည်။
သို့သော်လည်း ၂၁ ရာစုခေတ်၏ ပညာရေးစနစ်သည် လုံးဝပြောင်းလဲသွားသည်။ ကိုယ်တိုင်လေ့လာသင်ယူရေး နယ်ပယ်သည် ကြီးမားကျယ်ပြန့်လာသည်။ စာသင်သားများ၊ လေ့လာသင်ယူသူများ အနေဖြင့် သူတို့ သင်ယူလိုသော အရာများကို လွတ်လပ်စွာသင်ယူ လေ့လာခွင့်ရရှိလာကြသည်။ ကောလိပ်များ၊ တက္ကသိုလ်များတွင် လေ့လာသင်ယူနိုင်ခြင်းထက် ကျော်လွန်၍ လေ့လာသင်ယူနိုင်လာကြသည်။ အင်တာနက်အား ချိတ်ဆက်နိုင်သည့်သူ မည်သူမဆို မြောက်များစွာသော သတင်းအချက်အလက်များကို ရယူနိုင်၍ မိမိစိတ်ဝင်စားသည့် အကြောင်း အရာများကို လေ့လာသင်ယူနိုင်ပါသည်။ သမိုင်း၊ သိပ္ပံ၊ နည်းပညာ၊ စီးပွါးရေး၊ အနုပညာ အစရှိသည့် မည်သည့် ပညာရပ်နယ်ပယ်မဆို အွန်လိုင်းမှတဆင့် ကျယ်ကျယ်ပြန့်ပြန့် လေ့လာသင်ယူနိုင်သည့် ခေတ်ဖြစ်ပါသည်။
စာသင်သားများ (သို့မဟုတ်) ပညာရပ်တစ်ခုခုအား လေ့လာလိုက်စားသူများအနေဖြင့် သမရိုးကျလေ့လာသင်ယူမှုများတွင် အွန်လိုင်းမှ လေ့လာသင်ယူမှုများအား ဖြည့်စွက်လေ့လာမှုအဖြစ်၎င်း၊ သို့မဟုတ် ကိုယ်တိုင်သင်ယူမှု ပြုလုပ်နိုင်သည့် ကိုယ်ပိုင်သင်ရိုးညွှန်းတမ်းများ ဖန်တီး၍၎င်း အစရှိသဖြင့် လေ့လာသင်ယူမှု ပြုလုပ်နိုင်ကြပါသည်။ ယနေ့ခေတ်တွင် ကျွန်ုပ်တို့ အားကျရသည့် စီးပွါးရေးတိုက်တန် တချို့ပင်လျှင် ဘွဲ့များ၊ ဒီဂရီများ မရှိကြသည်ကို သင်သတိထားမိပေလိမ့်မည်။
မိမိကိုယ်ကို ကိုယ်တိုင်သင်ယူလေ့လာမှု ပြုလုပ်ခြင်းသည် ကြီးကျယ် သည့် လုပ်ရပ်တစ်ခု ဖြစ်ပါသည်။ မိမိကိုယ် မိမိလေ့လာသင်ယူရန် အတွက် တွန်းအားပေးမှုများ၊ မပြီးပြီးအောင် ကြိုးပမ်းအားထုတ်မည်ဟု ချမှတ်ထားသည့် သန္နိဌာန်များ အစရှိသည့် အရာများသည် ကိုယ်တိုင်သင်ယူလေ့လာမှု ပြုလုပ်ခြင်းအတွက် အရေးကြီးသည့် အရာများ ဖြစ်ပါသည်။ သမရိုးကျ လေ့လာသင်ယူမှု ပြုလုပ်ရသည့် ကျောင်းများ၊ ကောလိပ်များ၊ တက္ကသိုလ်များ အစရှိသည့် နေရာများတွင် လေ့လာသင်ယူမှု ပြုလုပ်ရသည်ထက် ကိုယ်တိုင်လမ်းညွှန်ချက်များဖြင့် လေ့လာသင်မှုမှု ပြုလုပ်ရခြင်းသည် ပိုမိုခက်ခဲပါသည်။ ကိုယ်တိုင်လေ့လာသင်ယူမှု ပြုလုပ်သည့် အခါတွင်မူ မိမိကိုယ်မိမိ စိတ်ဓာတ်ခွန်အားပေးခြင်း၊ တင်းကျပ်သည့် ကိုယ်ပိုင်စည်းမျဉ်းစည်းကမ်းများ သတ်မှတ်ခြင်း အစရှိသည်တို့သည်လည်း ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ဒွန်တွဲ၍ ပါလာသည့် အရာများ ဖြစ်ပါသည်။ ကိုယ်တိုင်လေ့လာသင်ယူမှု ပြုလုပ်ကြသည့်အခါ အချိန်တော်တော်များများ၌ ကျွန်ုပ်တို့သည်၊ ကျွန်ုပ်တို့အတွက် အသစ်ဖြစ် နေသည့် ဘာသာရပ်၊ ပညာရပ်များ၏ အဓိပ္ပာယ်များ၊ အခြေခံသဘော တရားများ နှင့် အသိပညာများကို လေဟာနယ်ထဲ၌ သင်ယူနေရသကဲ့သို့ပင် နကန်းတစ်လုံးနားမလည်ပဲ သင်ယူလေ့လာရမည့် ကိစ္စများကို မကြာခဏ ကြုံတွေကြရမည် ဖြစ်ပါသည်။ မိမိ၏ သင်ယူလေ့လာမှုများကို သံသယဝင်ကာ “ငါ့ရဲ့ လုပ်ရပ်ကမှန်နေသလား။” ဟု မကြာ ခဏ တွေးတောမှု များကိုလည်း ပြုလုပ်ကြမည်မှာ အမှန်ပင်ဖြစ်သည်။
ယခုစာအုပ်သည် အဆိုပါ ပြဿနာအချို့ကို ဖြေရှင်းရန်အတွက် ရည်ရွယ်၍ စာဖတ်သူများအနေဖြင့် ရွေးချယ်သည့် မည်သည့်နယ်ပယ်တွင်မဆို စိတ်ပါဝင်စားစွာ လေ့လာသင်ယူနိုင်မည့် ကိုယ်တိုင်လေ့လာသင်ယူသူ တစ်ဦး ဖြစ်လာစေရန် ကူညီပေးမည့် စာအုပ်ဖြစ်သည်။ ကိုယ်တိုင်သင်ယူလေ့လာမှု ပြုလုပ်ရန်၊ ယင်းကိစ္စအား အကောင်အထည်ဖော် ပေါက်မြောက်ရန်အတွက် အစီအစဉ်ချမှတ်ရန်၊ ကိုယ်တိုင်သင်ယူမှုတည်း ဟူသည့် အပြုသဘောဆောင်သည့် အလေ့အထကောင်းကို ပြုစုပျိုးထောင်ရန် နှင့် ကိုယ်တိုင်လေ့လာသင်ယူမည့် သင်၏ ကိုယ်ပိုင်ပညာရေးကို မောင်းနှင်ရန်အတွက် ကိုယ်တိုင်တိုက်တွန်းစေ့ဆော်စိတ်ကို ဤစာအုပ်အနေဖြင့် ပေးစွမ်းနိုင်၍ သင်၏ ကိုယ်တိုင်လေ့လာသင်ယူရေး ခရီးစဉ်များအား အဆင့်တစ်ခုမှ တစ်ခုသို့ တွန်းတင်ပေးသွားမည်လည်း ဖြစ်ပါသည်။ သင်စိတ်ပါဝင်စားသည့် မည့်သည့် ဘာသာရပ်၊ သင်ခန်းစာမဆို ဤစာအုပ်မှ လမ်းညွှန်ပေးအပ်သော ကျွမ်းကျင်မှု နှင့် ကျိုးကြောင်းဆင်ခြင်ခြင်းတို့ကို အသုံးပြု၍ ကိုယ်တိုင်သင်ယူရေး ခရီးစဉ်ကို လျှောက်လှမ်းနိုင်မည်ဟု ကျွန်ုပ်အနေဖြင့် မျှော်လင့်မိပါသည်။
ကိုယ်တိုင်လေ့လာသင်ယူခြင်းနှင့် ပတ်သက်သည့် စိတ်နေစိတ်ထားသဘောတရားများ နှင့် အကျိုးအမြတ်များကို သမရိုးကျ သင်ကြားရေး နေရာဌာနများ ဖြစ်သည့် ကျောင်းများ၊ ကောလိပ်များ၊ တက္ကသိုလ်များတွင် ရှာဖွေတွေ့ရှိနိုင်မည် မဟုတ်ပါ။ ကိုယ်တိုင်လေ့လာသင်ယူရေး ဟူသည့်အရာသည် သာမန် အဓိပ္ပာယ်ဖွင့်ဆိုသည့် “ပညာရေး” ဟူသည့် အရာထက် ပို၍လေးနက်ပြီး ကျယ်ပြန့်ပါသည်။ ဤသည်မှာ ကိုယ်တိုင်သင်ယူလေ့လာသူ (Autodidact) တစ်ဦး၏ အတွေးအမြင်ပင် ဖြစ်ပါသည်။
ကိုယ်တိုင်သင်ယူလေ့လာသူ ဟူသည့် ဝေါဟာရကို အရှင်းဆုံးတင်ပြရလျှင် မိမိကိုယ်ကိုပညာပေးသူ ဟူ၍သာ အနက်အဓိပ္ပာယ် ဖွင့်ဆိုရမည် ဖြစ်သည်။ မိမိကိုယ်ကိုပညာပေးခြင်းသည် လွယ်ကူသည့် အလုပ်မဟုတ်။ သို့သော် ခိုင်မာသော စိတ်ဓာတ်၊ မဆုတ်မနစ်ကြိုးစားသော လုံ့လများနှင့် ပြင်းပြလွန်းသော ဆန္ဒရှိပါက မုချအောင်မြင်မှုရရှိနိုင်သည့် အရာဖြစ်ပါသည်။ ကိုင်တိုင်သင်ယူလေ့လာမှုကို စိတ်ဝင်စားမှုမှ လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်နိုင်သည် အထိ၊ အစ မှ အဆုံး အထိ တစ်ကြိမ်တစ်ခါ ကိုယ်တိုင်သင်ယူလေ့လာမှု ပြုလုပ်လိုက်ပါက သင့်စိတ်တွင်သင်နှစ်သက်သည့် အကြောင်းအရာများကို လေ့လာသင်ယူမှု ပြုလုပ်ရန်အတွက် ပိုမိုဆာလောင်လာ၍ အသစ် အသစ်သော အရာများကို အစမှစတင်လေ့လာရန်အတွက် စိတ်အားထက်သန်လာမည် ဖြစ်ပါသည်။ ကိုယ်တိုင်လေ့လာသင်ယူမှု ပြုလုပ်နိုင် သည့် နည်းလမ်းများ၊ နည်းစနစ်များ နှင့် ကိရိယာတန်ဆာပလာများသည်လည်း ယခု (၂၁) ရာစု နှစ်များတွင် စုံလင်လှသည် ဖြစ်သည်။ စက္ကူနှင့်ပုံနှိပ်ထုတ်ဝေထားသည့် စာအုပ်များ၊ ဒီဂျစ်တယ်စာအုပ် (Ebooks) များ၊ ဗီဒီယိုသင်ခန်းစာများ၊ ပေါ့တ်ကတ်များ၊ အွန်လိုင်းသင်တန်းများ စသည်ဖြင့် ကိုယ်တိုင်လေ့လာသင်ယူမှု ပြုလုပ်ရန်အတွက် သင်ထောက်ကူများစွာ ရှိနေသည့် ခေတ်လည်းဖြစ်သည်။ တစ်ချိန်တည်းတွင် သင်သည်ဆရာ၊ တစ်ချိန်တည်းတွင် သင်သည်တပည့် အစရှိသည့် အချိန်အတိုင်းအတာတစ်ခု အကြာတွင် အဆင်ပြေလာပါသည်။ အစပိုင်းတွင်တော့ သိပ်ပြီး အထာကျလှမည်မဟုတ်ပေ။
မည်သူမဆို ကိုယ်တိုင်လေ့လာသင်ယူမှု ပြုလုပ်နိုင်ပါသည်။ အသက်အရွယ်၊ ကျား/မ၊ သို့မဟုတ် နောက်ခံအခြေအနေ ကန့်သတ်ချက်များမရှိပါ။ ကိုယ်တိုင်လေ့လာသင်ယူမှု ပြုလုပ်ရန်အတွက် လိုအပ်ချက်မှာ အသိပညာအသစ်များကို တက်ကြွစွာရှာဖွေခြင်း၊ ဝေဖန် ပိုင်းခြားစိစစ်တတ်သော၊ အကဲဖြတ်တတ်သော၊ လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်တတ်သော လုပ်ဆောင်ချက်များသာ လိုအပ်ပါသည်။ အသိပညာများအား ရယူလိုစိတ်အား တွန်းအားအဖြစ် အသုံးပြုကာ သေချာအာရုံစူးစိုက်၍ ကောင်းမွန်စွာ ကြံစည်အားထုတ်သည့်အခါ ကိုယ်တိုင်လေ့လာသင်ယူမှု နှင့်ပတ်သက်၍ ထိပ်တန်းနေရာသို့ တစ်နေရာသို့ မလွဲမသွေ ရောက်ရှိလာနိုင်မည် ဖြစ်ပါသည်။ ကောင်းမွန်သော မှတ်ဉာဏ်သည်၎င်း၊ သမရိုးကျ ပညာရေးလမ်းကြောင်းမှ ဖောက်ထွက်ထိုးထွင်း၍ ကိုယ်ပိုင်လေ့လာသင်ယူမှုကို ပြုလုပ်နိုင်ခြင်းသည်၎င်း ကိုယ်တိုင်လေ့လာသင်ယူမှု၏ စွမ်းဆောင်ရည် မြင့်မားစေပါသည်။
ကိုယ်တိုင်လေ့လာသင်ယူမှုသည် ပြုစုပျိုးထောင်ရမည့် အလေ့အထ တစ်ခု ဖြစ်ပါသည်။ အစပိုင်းတွင် မလွယ်ကူလှသော်လည်း နောက်ပိုင်းတွင်မူ ကြိုးစားအားထုတ်မှုပြုလုပ်ပါက သင့်၏ ကိုယ်တိုင်လေ့လာသင်ယူမှုနှင့် ပတ်သက်သည့် စွမ်းရည်သည် တဖြည်းဖြည်းခြင်း အဆင့်မြင့်တက်လာမည်ဖြစ်သည်။ အသိပညာအသစ်များတွင် သင့်ကိုယ်သင်နှစ်မြှပ်ပြီး ကျွမ်းကျင်အဆင့်သို့ တက်လှမ်းရန်အတွက် ကိုယ်တိုင်လေ့လာသင်ယူမှုသည် လွန်ပါအရေးပါသည့် အခန်းကဏ္ဍတွင် ရှိပါသည်။
Comments