ကျွန်ုပ်တို့ တော်တော်များများသည် အတန်းပညာရေး၊ ကျောင်းပညာရေး အစရှိသဖြင့် လူအစုအဝေးဖြင့် သင်ကြားမှုပုံစံမျိုးနှင့် ပတ်သက်၍ အကျွမ်းတဝင်ရှိကြပါသည်။ တချို့သောသူများအတွက် ဤသင်ကြားမှုပုံစံမျိုးသည် အလုပ်ဖြစ်သော်လည်း၊ တချို့သောလူများအတွက် အလုပ်မဖြစ်ပါ။ ကျွန်ုပ်တို့အနေဖြင့် တော်သောကျောင်းသား ဖြစ်ပါစေ၊ ညံ့သောကျောင်းသား ဖြစ်ပါစေ ပညာရေး၏ အခြေခံအုတ်မြစ်ဖြစ်သည့် သင်ပုန်းကြီးများကို သင်ယူလေ့လာရန်အတွက်တော့ သမရိုးကျကျောင်းများကို တက်ရောက်သင်ယူကြရပါသည်။
ဆိုလိုချင်သည်ကတော့ ကျွန်ုပ်တို့ အများစု လက်ခံထားသည့် သမရိုးကျပညာရေးတွင် စစ်မှန်သောသင်ယူမှု ကိုပြုလုပ်နိုင်ရန်အတွက် အဟန့်အတားဖြစ်စေသည့် အစိတ်အပိုင်းများရှိပါသည်။ ထိုအရာများသည် အမြဲတိုင်း အပျက်သဘောဆောင်ခြင်း၊ အနှုတ်လက္ခဏာပြခြင်း အစရှိသည်တို့တော့ မဟုတ်ပါ။ ထို အဟန့်အတား ဟူသည့် အရာများသည် စာသင်သားများ၊ လေ့လာသင်ယူနေကြသူများ နှင့်သာသက်ဆိုင်သည့် အရာများ ဖြစ်သည်။ သမိုင်းတလျှောက်ကို ကြည့်ရှုလေ့လာမည် ဆိုလျှင်ဖြင့် Mark Twain နှင့် Albert Einstein အစရှိသည် ကမ္ဘာကျော် (၂) ဦးသည် လေးစားဖွယ်ရာကောင်းသည့် ကိုယ်တိုင်လေ့လာသင်ယူသူများ ဖြစ်ကြပြီး၊ သမရိုးကျလေ့လာသင်ယူမှုနှင့် ပတ်သက်သည့် စည်းမျဉ်းကလနားများ နှင့် ပတ်သက်၍ မေးခွန်းထုတ်စရာများစွာ ရှိလာပါသည်။ ထိုသူတို့နှင့်ပတ်သက်၍ သက်ဆိုင်ရာ ကျောင်းများ၊ ကောလိပ်များနှင့် တက္ကသိုလ်များ၏ ဘုတ်အဖွဲ့အစည်းများ၏ ဝေဖန်ချက်များသည် အမြဲတိုင်းမှန်ကန်မှုမရှိသည်ကို စာရှုသူများအနေဖြင့် ကြားဖူးကြမည် ဖြစ်ပါသည်။ ထိုသူများနှင့် ထိုသူများကဲ့သို့လူများသည် ကိုယ်တိုင်လေ့လာသင်ယူရေးနှင့် ပတ်သက်၍ တရားဝင် ငြင်းခုံမှုများ ဖြစ်ကြသည် အထိ သုတေသနပြုလုပ်သူများအကြားတွင် လွှမ်းမိုးမှုရှိပါသည်။
သမရိုးကျ ပညာရေးတွင်မူ သင်သည်၊ မိမိသင်ယူလေ့လာရာများနှင့် ပတ်သက်၍ အစဉ်အမြဲ ဂရုတစိုက်ရှိရန်နှင့် အမှတ်ရနေရန်အတွက် ပညာရေးစနစ်နှင့် ပညာသင်ကြားသူများက မျှော်လင့်ပါသည်။ သမရိုးကျပညာသင်ယူမှုပြုလုပ်သည့် အခါသင်သည် စိတ်ရောကိုယ်ပါ မြှပ်နှံ၍ သင်ယူမှုကို ပြုလုပ်ရပါသည်။ သင်ယူလေ့လာမှုနှင့် ပတ်သက်၍ စိတ်ပိုင်းဆိုင်ရာ အရင်းအမြစ်များ အားလုံးကို အသုံးချရပါသည်။ ထိုမျှမကသေး မိနစ်အနည်းငယ်မျှသောအချိန်ကို အားလပ်ချိန်အဖြစ် အသုံးချလိုက်မိလျှင် မိမိကိုယ်ကိုယ် တာဝန်မဲ့သလို၊ အပြစ်ရှိသလို ခံစားရပါသေးသည်။ တစ်ခါတစ်ရံစာမေးပွဲနီးကပ်လာပါက သင့်တွင် စိတ်အပန်းပြေစေရန်အတွက် ရုပ်ရှင်ကြည့်ချိန် (၂) နာရီပင် မိမိကိုယ်ကိုယ် ပေးအပ်ရန် စေးနဲလာသည့် အခြေအနေများကို သင်ကြုံတွေ့ ဖူးပေလိမ့်မည်။ ဤကဲ့သို့သော ပြဿနာများကို one-size-fits-all-approach ပြဿနာများဟု အမည်တပ်နိုင်ပါသည်။
သမရိုးကျပညာသင်ကြားမှုစနစ်များတွင် အကြောက်တရားများကို လှုံ့ဆော်မှုအဖြစ် အသုံးပြုကြသည်ကို တွေ့မြင်ရမည် ဖြစ်ပါသည်။ သင်သည် သင်၏ ကျောင်း၊ ကောလိပ်၊ တက္ကသိုလ်အစရှိသည်တို့မှ သင်ကြားပိုချမှုများကို လိုက်နာမှုမရှိပါက သင်၏အနာဂတ်သည် ဝေဝါး၍ အောင်မြင်မှုနှင့် အလှမ်းဝေးပါလိမ့်မည်။ သမရိုးကျပညာသင်ကြားရေးစနစ်သည် အသက် (၁၈) နှစ်မတိုင်ခင် ခေါင်းမမော့ရ၊ ကျောင်း၊ ကောလိပ် နှင့် တက္ကသိုလ် အစရှိသည်တို့၏ စံချိန်စံညွှန်းများ၊ စည်းမျဉ်းစည်းကမ်းများ လိုက်နာမှုရှိရမည်။ ထို့ကဲ့သို့ အရာများကို လိုက်နာမှုမရှိပါက သင်သည်၊ သင်နေထိုင်အသက်ရှင်ရာ လူ့ပတ်ဝန်းကျင်တွင် ဆန်ကုန်မြေလေးဖြစ်သည်ဟူသော အယူအဆများကို မသိမသာတစ်မျိုး၊ သိသိသာသာတစ်မျိုးဖြင့် ပုံသွင်းထားပါသည်။
အကြောက်တရားကိုလှုံ့ဆော်မှုအဖြစ် အသုံးပြုခြင်းသည် တကယ်တမ်းတွင်မူ အလုပ်ဖြစ်လှသည်တော့မဟုတ်။ စာသင်သားများ၏ စိတ်လှုံ့ဆော်မှုနှင့်ပတ်သက်၍ အကြောက်တရားတည်း ဟူသောတစ်ခုသည်သာ အလုပ်ဖြစ်နိုင်သည်ဟု စည်းမျဉ်းစည်းကမ်းသတ်မှတ်သူများက ယူဆကြသော်လည်း သင်ယူလိုမှုနှင့် သက်ဆိုင်သည့် တခြားသော စိတ်လှုံ့ဆော်မှုနည်းလမ်းများစွာ ရှိပါသေးသည်။
အကြောက်တရားများသည် စာသင်သားများ၏ တီထွင်ဖန်တီးနိုင်မှု စွမ်းအားများကို အကန့်အသတ်ဖြစ်စေပါသည်။ တစ်ခါတလေတွင် တီထွင်ဖန်တီးနိုင်မှု စွမ်းအားများကို ပျက်စီးသွားနိုင်သည် အထိ အကျိုးသက်ရောက်မှု ဖြစ်ပေါ်စေနိုင်ပါသည်။ သမရိုးကျ ပညာသင်ကြားမှု ပြုလုပ်သည့် ကျောင်းများတွင် သင်ကြားမှုပြုလုပ်သည့်အတိုင်းလုပ်၊ ဖတ်ဆိုဖတ်၊ ကျက်ဆိုကျက် စသဖြင့် တခြားရွေးချယ်စရာ လမ်းကြောင်းမရှိ။ သင်၏ လက်ထဲတွင် ကိုင်ဆောင်ထားသည့် ဖတိစာအုပ်များ၊ မှတ်စုများ၊ သင်ပြုလုပ်နေသည့် ဓာတ်ခွဲစမ်းသပ်မှုများ အစရှိသည့် အရာများအားလုံးသည် ကြိုတင်သတ်မှတ်ထားသည့် အရာများဖြစ်ပြီး၊ ထိုအရာများမှ သွေဖီခွင့် သင့်တွင်မရှိပါ။ သမရိုးကျကျောင်းများတွင် လေ့လာသင်ယူနေသည့် အရာတော်တော်များများတွင် အဖြေသည်တစ်ခုသာရှိသည်။ နည်းလမ်းသည်တစ်ခုတည်းသာဖြစ်သည်ဟူသော အရာများကို ကြုံတွေ့ဖူးမည်ဖြစ်သည်။ အချို့သော ပြဿနာ နှင့် မေးခွန်းများကိုမူ တိကျသည့် ပုံသေပုံစံမျိုးဖြင့် ချဉ်းကပ်ရန် သင်ကြားပြသပေးထားသည်။ သင့်တွင် အခြေခံသဘောတရားများကို ကောင်းမွန်စွာနားလည်၍ စဉ်းစားဆင်ခြင်နိုင်မှု၊ ဖောက်ထွက်စဉ်းစားနိုင်မှု၊ မိမိကိုယ်တိုင် စမ်းသပ်ချက်များပြုလုပ်၍ ထိုးထွင်းသိမြင်နိုင်မှု စွမ်းအားများ မည်မျှပင်ရှိစေကာမူ သင်သည်ကြိုတင်သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းနည်းဥပဒေများအတိုင်း လိုက်လျောညီထွေစွာ ပြုလုပ်ရမည်ဖြစ်သည်။ ထိုကဲ့သို့သော လုပ်ရပ်များကြောင့် သင်ယူလေ့လာနေသည့် ပညာရပ်၊ ဘာသာရပ်များသည် လမ်းဆုံးလမ်းပိတ် ဖြစ်သွားနိုင် သကဲ့သို့ ဘာမှသင်ယူနိုင်စွမ်း မရှိသည့် အခြေအနေလည်း ဖြစ်သွားနိုင်ပါသည်။ နှစ်မျိုးလုံးလည်း ဖြစ်သွားနိုင်ပါသည်။
ထို့ကဲ့သို့ ပြုလုပ်လိုက်ခြင်းသည် စာသင်သားများကို တစ်လမ်းသွား၊ တစ်ဘီးလှိမ့် ဖြစ်စေပါသည်။ Ivy League College များသည် ၎င်းတို့၏ မြင့်မားသော ဂုဏ်သတင်းနှင့် ထိုက်တန်ပါသည်။ သို့သော် ရိုးရိုးသားသားဝန်ခံရမည်ဆိုလျှင် ထိုကောလိပ်၊ တက္ကသိုလ်များ၏ ကျောင်းသားရွေးချယ်မှုသည်လည်း မည်သူကထိုက်တန်သည် ဆိုသည်ကို လူမှုဆိုင်ရာအဆင့်အတန်းများ၊ သမရိုးကျသတ်မှတ်ထားသည့် ပညာရေးလမ်းကျောင်းများမှ ရွေးချယ်ကြပါသည်။ အဆင့်မြင့် တကသိုလ်များသည်သာမက တခြားသော တက္ကသိုလ်များသည်လည်း ထိုကဲ့သို့ပင် ကန့်သတ်ရွေးချယ်ကြပါသည်။ သမရိုးကျပညာရေးဖြင့် ဝန်းရံထားသည့် ပတ်ဝန်းကျင်သည် ကျွန်ုပ်တို့ လက်ရှိလျှောက်လှမ်းရာ ပညာရေးလမ်းကြောင်းသည်သာ တစ်ခုတည်းသောလမ်းမှန်ဖြစ်ကြောင်း၊ အခြားသော လေ့လာသင်ယူရာနည်းလမ်းများသည် တရားဝင်မဟုတ်ကြောင်း ကျွန်ုပ်တို့၏ အသွေးထဲ အသားများထဲတွင် ရိုက်သွင်းထားပါသည်။ တက္ကသိုလ် (၄) နှစ်မျှ တက်ရောက်၍ ဘွဲ့ယူထားခြင်း မရှိလျှင်မူ အလုပ်မှလုပ်နိုင်လေစ ဟူသည့် သံသယများနှင့် ပတ်ဝန်းကျင် ဖြစ်သည်။
တကယ်တမ်းတွင်တော့ ထိုအယူအဆများသည် အနာဂတ်တွင် ကြုံတွေ့လာလတ္တံ့သော သင်ယူမှုများကို အဟန့်အတား ဖြစ်စေပါသည်။ နှစ်ပေါင်း (၂၀) ကြာမျှ အတင်း သွတ်သွင်းလာသည့် သင်ကြားမှုများ၊ နာရီပေါင်းသောင်းချီကြာသည့် သင်ကြားချိန်များ၊ စာဖတ်ခြင်း၊ လေ့လာခြင်း၊ အချက်အလက်များရှာဖွေခြင်း အစရှိသည်တို့သည် သင်၏ ကိုယ်တိုင်လေ့လာသင်ယူမှု စွမ်းအားများကို ကျဆင်းစေပါသည်။ သူတပါးက သင်ကြားပါမှ တတ်မြောက်နိုင်လိမ့်မည်ဟု ထင်မြင်ယူဆလာကာ ထိုသံသရာတွင် တဝဲလည်လည် ဖြစ်နေမည်ဖြစ်သည်။ သင်ကိုယ်တိုင် သင့်ကိုယ်သင် ညွှန်ကြားပြသသင်ယူ နိုင်ရန်အတွက် အခြားနည်းလမ်းများ ရှိသည်ကို သင်သတိထားမိတော့မည် မဟုတ်ပါ။ သင်ယူလေ့လာခြင်းဆိုသည်မှာ ထိုင်၍ နားထောင် သင်ကြားပြသသည်များပို မှတ်သား၍ မည်သည့်အရာများကို သင်ယူခဲ့ရသည်ကို ပြန်လည်ပြောဆို သရုပ်ပြခြင်းပင်ဖြစ်သည် ဟူသည့် အတွေးမျိုးကို ရင်ဝယ်ပိုက်မိပါက အနာဂတ်လေ့လာသင်ယူမှုများတွင် ဒုက္ခလှလှတွေ့မည်ဖြစ်သည်။
ကျောင်းသားအများစုသည် ဘွဲ့ရပြီးသောအခါတွင်မူ သမရိုးကျ သင်ယူလေ့လာမှုများ အပေါ်တွင် စိတ်ပျက်ငြီးငွေ့လာကြသည်။ ထိုအချိန်တွင် ထိုစာသင်သားအများစု၏ လောင်မြိုက်နေသည့် ဆန္ဒသည် ကျောင်းစာမှ လွဲ၍ အခြားသော အရာများကို အပူတပြင်း လေ့လာသင်ယူလိုကြခြင်း ဖြစ်သည်။ တချို့သော စာသင်သားများဆိုလျှင် စာအုပ်နှင့် မျက်နှာအား နှစ်ပေါင်းများစွာ မျက်နှာချင်းဆိုင်ထားရသည့်အတွက် စာအုပ်စာပေများနှင့် ဝေးဝေးနေကာ အပျင်းပြေစာဖတ်ခြင်းများကိုပါ ရှောင်ရှားလာကြတော့သည်။ တင်းကြပ်လှသည့် သမရိုးကျပညာရေး၏ စည်းမျဉ်းစည်းကမ်းများကို ဘဝ၏ လေးပုံတစ်ပုံမျှ ဖြတ်သန်းပြီးသောအခါ အနာဂတ်တွင် ရှေ့သို့ဆက်လက်ချီတက်ရမည့် ပညာလမ်းလမ်းကြောင်းများ အပေါ်တွင် အမြင်လွဲမှားသွားကြတော့သည်။
သမရိုးကျပညာရေး၏ အထက်တွင်ဖော်ပြခဲ့သည့် ချို့ယွင်းချက်များသည် စာသင်သားများအတွက် သမရိုးကျလေ့လာသင်ယူမှုများအား စွန့်လွှတ်ရန် အကြောင်းပြချက်များမဟုတ်ပါ။ သမရိုးကျပညာရေး၏ လေ့လာသင်ယူမှုများ၏ စိတ်ပညာနှင့် ပတ်သက်သည့် အတားအဆီးများကို ကိုယ်တိုင်လေ့လာသင်ယူမှုများနှင့် အားဖြည့်၍၊ ကျောင်းများ၊ ကောလိပ်များ နှင့် တက္ကသိုလ်များတွင် သင်ယူလေ့လာထားသည့် အချက်အလက်များကို အဘယ့်ကြောင့် ထိန်းသိမ်းနိုင်ခြင်း မရှိကြောင်း မီးမောင်းထိုးပြနေခြင်း ဖြစ်သည်။ လေ့လာသင်ယူမှုပြုလုပ်ရာတွက် ဘယ်အရာ၊ ဘယ်ကိစ္စများကို ဘယ်လိုသဘောထားမည်၊ မည့်သို့မည်ပုံတွေးတောဆင်ခြင်မည် အစရှိသည်တို့ကို ရှင်းလင်းတင်ပြနေခြင်းသာ ဖြစ်ပါသည်။:၎င်းတို့သည် အသိဉာဏ်ပညာကို ရေရှည် ထိန်းသိမ်းနိုင်သည့် ပုံသေနည်းများ မဟုတ်သည် ကိုတော့ နားလည် သဘောပေါက်ဖို့ရန် လိုအပ်ပါသည်။
ကိုယ်တိုင်လေ့လာသင်ယူခြင်းတွင် သမရိုးကျသင်ယူခြင်း၌ မရရှိနိုင်သည့် အကျိုးအမြတ်များ ရှိပါသည်။ ၎င်းတို့သည် သင့်၏ အသိပညာစွမ်းရည် နှင့် ကိုယ်ရည်ကိုယ်သွေး ဖွံ့ဖြိုးတိုးတက်ရေးကိုသာမက နေ့စဉ်ကြုံတွေ့နေသည့် လက်တွေ့ဘဝအတွက်ပါ အထောက်ကူဖြစ်သည် ဟူသည့် အချက်ပင်ဖြစ်သည်။
ကိုယ်တိုင်လေ့လာသင်ယူခြင်းတွင် သမရိုးကျပညာသင်ယူခြင်းကဲ့သို့ သင်ရိုးများ၊ စည်းမျဉ်းစည်းကမ်းများ အစရှိသဖြင့် ကန့်သတ်ထားသည့် အရာများမရှိသဖြင့် မိမိသင်ယူလိုသည့် ဘာသာရပ်၊ နယ်ပယ် အစရှိသည်တို့ကို အချိန်ပေး၍ နက်နက်ရှိုင်းရှိုင်း လေ့လာနိုင်ပါသည်။ ကိုယ်တိုင်သင်ယူလေ့လာမှုတွင် သင်ခန်းစာတစ်ခုပြီးဆုံးရန် သတ်မှတ်ထားသည့် အချိန်များမရှိသောကြောင့် လေ့လာသူများအနေဖြင့် ကိုယ်ပိုင်အရှိန်အဟုန်ဖြင့် လေ့လာနိုင်ပါသည်။ ထို့ကြောင့် ကိုယ်တိုင်လေ့လာသင်ယူမှုကို ပြုလုပ်ကြသည့် စာသင်သားများသည် အချိန်ကို စနစ်တကျစီမံခန့်ခွဲတတ်ဖို့ လိုအပ်ပါသည်။ ကိုယ်တိုင်လေ့လာသင်ယူမှုတွင် သင်ယူမှုပြုလုပ်ရန် စိတ်အားထက်သန်မှုနှင့် စည်းကမ်းသည် အရေးကြီးပါသည်။ ကိုယ်တိုင်လေ့လာသင်ယူမှုများ ပြုလုပ်သည့်အခါ သမရိုးကျပညာသင်ယူမှုကဲ့သို့ ရပ်တန့်ရန်မလိုပဲ အရှိန်အဟုတ်ဖြင့် လေ့လာမှုပြုနိုင်ပါသည်။ တစ်ဘက်တွင်လည်း အကြောင်းအရာတစ်ခုကို အပြည့်အဝနားလည်သဘောပေါက်ရန် လိုအပ်သည့်အချိန်များတွင် အရှိန်အဟုန်လျှော့ချ၍ ထိုအကြောင်းအား အပြီးသတ် ချေးခါးအူမမကျန် နားလည်သဘောပေါက်စေရန် လေ့လာနိုင်ပါသေးသည်။
ကိုယ်တိုင်လေ့လာသင်ယူမှု နှင့် ပတ်သက်သည့် အလေ့အကျင့် ကောင်းကိုပြုစုပျိုးထောင်ခြင်းဖြင့် သင်သည် တစ်သက်သာလေ့လာ သင်ယူမှုအတွက် ခိုင်မာသည့် အုတ်မြစ်ကိုချမှတ်နိုင်သည်။ သမရိုးကျ ပညာရေးမှ ပေးအပ်လိုက်သည့် ဘွဲ့များ၊ ဒီဂရီများ အစရှိသည်တို့သည် သင့်ဘဝပညာရေး၏ အဆုံးသတ်များ မဟုတ်သည်ကိုတော့ နားလည်သဘောပေါက်ဖို့ လိုအပ်ပါသည်။ စာသင်သားတော်တော်များများသည့် ဘွဲ့ရလျှင် ပညာရေးဆုံးခန်းတိုင်ပြီဟု ထင်ကြသူများဖြစ်သည်။ နောက်ဆုံးပေါ် ပညာရပ်များ၊ ဖွံဖြိုးတိုးတက်မှုများ အစရှိသည်တို့နှင့် ရင်ဘောင်တန်းနိုင်ရန်အတွက် သင်၏ဘဝတစ်လျှောက်လုံးတွင် လေ့လာသင်ယူမှုပြုလုပ်နေရမည် ဖြစ်သည်။ ထို့ကြောင့် ကိုယ်တိုင်လေ့လာသင်ယူမှုသည် တစ်သက်သာလေ့လာသင်ယူမှု ပြုလုပ်နေသည့် မည်သည့်လူသားအတွက်မဆို အရေးကြီးပါသည်။ သမရိုးကျလေ့လာသင်ယူမှုသည် သင်၏ဘဝအတွက် အကောင်းဆုံးသော လေ့လာသင်ယူမှု နည်းလမ်းမဟုတ်ပါ။ သမရိုးကျပညာရေးထက် ပို၍ကောင်းမွန်သော၊ ပို၍အကျိုးရှိသော၊ သင်ယူလေ့လာမှုနှင့် ပတ်သက်၍ ဤမျက်မှောက်လောကတွင် တခြားနည်းလမ်းများစွာရှိသေးသည်ကိုတော့ သင့်အနေ ဖြင့် သိရှိနားလည်ဖို့ လိုအပ်ပါသည်။
ကိုယ်တိုင်လေ့လာသင်ယူမှုပြုလုပ်ခြင်းဖြင့် သင်သည် သင်လေ့လာသင်ယူလိုသော ပညာရပ်နယ်ပယ်အား မတူညီသည့် ရှုထောင့်ပေါင်းစုံမှ လေ့လာသင်ယူနိုင်ပါသည်။ သမရိုးကျ ကျောင်းများ၊ ကောလိပ်များ၊ တက္ကသိုလ်များသည် သက်မွေးဝမ်းကျောင်းပညာသင်ကြားမှု နှင့် ပတ်သက်၍ အကန့်အသတ်များဖြင့်သာ သင်ကြားပေးပါသည်။ ထိုကျောင်းများမှ သင်ယူတတ်မြောက်ပြီးသည်နှင့် သင်သည် အထူးကျွမ်းကျင်ပညာရှင် တစ်ဦး ဖြစ်လာမည်မဟုတ်သည်ကိုလည်း သင်သိရှိပြီး ဖြစ်မည်ဟု ကျွန်ုပ် အနေဖြင့် ယုံကြည်ပါသည်။ လျှင်မြန်စွာ တိုးတက်ပြောင်းလဲနေသည့် ယနေ့ခေတ်တွင် သမရိုးကျပညာရေး သာမက ကိုယ်တိုက်လေ့လာသင်ယူမှုကိုပါ အကူအနေဖြင့် လုပ်ဆောင်မှသာ အလုပ်အကိုင်ရရှိမှု၊ ရှိနေသည့် အလုပ်အကိုင်တည်မြဲမှုတွင် လွယ်ကူနိုင်မည် ဖြစ်ကြောင်း ထပ်လောင်းပြောဆို တင်ပြပါရစေ။
ကိုယ်တိုင်သင်ယူလေ့လာမှုပြုလုပ်သည့်အခါ သင်၏အနေဖြင့် မိမိကိုယ်ကို စိတ်ထိန်းနိုင်မှု၊ မိမိကိုယ်တိုင်သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများကို မချိုးဖောက်မိဖို့ လိုအပ်ပါသည်။ ကိုယ်တိုင်လေ့လာသင်ယူမှုပြုလုပ်ရာတွင် သင်ယူလေ့လာရန်အတွက် အစီအစဉ်ချမှတ်တတ်ရန်၊ မိမိ၏ ပုဂ္ဂိုရေးကိစ္စများအား စီမံခန့်ခွဲတတ်ရန်၊ မိမိကိုယ်တိုင်ချမှတ်ထားသည့် အစီအစဉ်များနှင့် စည်းမျဉ်းဥပဒေများအား မမှိတ်မသုန် လိုက်နာကျင့်သုံးရန် အစရှိသည်တို့ ပါဝင်ပါသည်။ အထက်တွင်ဖော်ပြထားခဲ့သည့်အရာများအား အခြားမည်သူတစ်ဦးတစ်ယောက်၏ ပယောဂမှ မပါပဲ သင်ကိုယ်တိုင် ကျွမ်းကျင်လာစေရန် သင်ကိုယ်တိုင်ပြုစုပျိုးထောင်ခြင်းဖြင့် ထိုအရာများသည် သင့်အတွက်များစွာ အဓိပ္ပာယ်ရှိစေနိုင်ပါသည်။ မိမိစိတ်ကို မိမိထိန်းသိမ်းနိုင်ခြင်း၊ မိမိကိုယ်ကိုဆုံးမပဲ့ပြင်နိုင်ခြင်း အစရှိသည်တို့သည် ကိုင်တိုင်လေ့လာသင်ယူမှုပြုလုပ်နိုင်ခြင်း၏ အခြေခံသဘောတရားများပင်ဖြစ်သည်။
ကိုယ်တိုင်လေ့လာသင်ယူမှုပြုလုပ်ခြင်းဖြင့်သင်သည် သင့်ဘဝအတွက် အလားအလာကောင်းသည့် တံခါးသစ်များ၊ လမ်းကြောင်းသစ်များကိုဖွင့်လှစ်နိုင်ပါသည်။ ကျောင်းတုန်းက မကြေလည်ခဲ့သည့် ဘာသာရပ်များ၊ သင်ခန်းစားများကို အသေးစိတ် ပြန်လည်လေ့လာနိုင်ပါသည်။ သမရိုးကျပညာရေးတွင် လေ့လာနိုင်ရန်ခက်ခဲသည့် အခြားသင်စိတ်ဝင်စားသည့် အရာများကို လေ့လာသင်ယူနိုင်ပါသည်။ သင်၏ အသက်မွေးဝမ်းကြောင်းဆိုင်ရာ အလားအလာများ၊ ပညာရပ်နယ်ပယ်သစ်များတွင် ကိုယ်တိုင်လေ့လာသင်ယူခြင်းဖြင့် ကျွမ်းကျင်မှုများကို ပြုစုပျိုးထောင်နိုင်မည် ဖြစ်သည်။
လေ့လာမှုစစ်တမ်းများအရ လူအများသည် ၄င်းတို့၏ ဘဝသက်တမ်းတွင် သက်မွေးဝမ်းကျောင်း (၅) ခုမှ (၇) ထိ ပြောင်းလဲလုပ်ကိုင်လေ့ ရှိကြသည်။ စာဖတ်သူအနေဖြင့် စဉ်းစားကြည့်ပါ။ ကိုယ်တိုင်လေ့လာသင်ယူမှုသည် ထိုကိစ္စရပ်များအတွက် ကန့်သတ်ချက်တစ်ခုလား။ ဒါမှမဟုတ် အားသာချက်တစ်ခုလား ဆိုတာကိုပါ။
Comments