top of page

Lean နှင့် Manufacturing 4.0 အပိုင်း (၁)

Writer's picture: Zeyar Than WinZeyar Than Win

Harvard Business Review တွင် ပါဝင်သည့် Focused Factory ဟူသည့် ဆောင်းပါးတွင် Wickham Skinner သည် ဤသို့ရေးသားခဲ့သည်။ သမရိုးကျစက်ရုံတစ်ခုသည် ရှုပ်ထွေးလှသည့် လုပ်ငန်းစဉ်များစွာကို လုပ်ဆောင်နိုင်ရန် ကြိုးပမ်းအားထုတ်သည့်အခါ ယင်းစက်ရုံမှ မူဝါဒများသည် အရေးကြီးသည့် ထုတ်လုပ်မှုများပေါ်တွင် အာရုံစူးစိုက်မှု မရှိသည့်အတွက် ရလဒ်ကောင်းထွက်ရန် ခက်ခဲလှသည်ကို တွေ့ရမည်ဖြစ်ပါသည်။ ထို့ပြင် Wickham Skinner သည် ထိုကဲ့သို့သော စက်ရုံတစ်ခုအနေဖြင့် ထုတ်ကုန်ပစ္စည်းများ၊ နည်းပညာများ၊ ထုတ်လုပ်သည့် ပမာဏနှင့် စျေးကွက်များ အပေါ်တွင် အာရုံစိုက်၍ အကန့်အသတ်များထား၍ စီမံခန့်ခွဲနိုင်လျှင် သာလွန်ကောင်းမွန်သည်ဟု ထုတ်ဖော်ပြောဆိုခဲ့ပါသည်။ ၁၉၇၄ တွင် ရေးသားခဲ့သည့် ထိုဆောင်းပါးသည် စျေးကွက်အတွင်းတွင်ရှိနေသည့် အမြောက်အများ ထုတ်လုပ်သည့် ကုမ္ပဏီများအား ကောင်းမွန်သည့် လုပ်ထုံးလုပ်နည်းများ၊ အလေ့အကျင့်ကောင်းများကို ဆက်လက်ထားရှိ၍ Lean Manufacturing အားလည်း အသုံးပြုရန်အတွက် အားပေးတိုက်တွန်းခြင်းများပြုလုပ်ကာ ဥပမာများလည်း ဖော်ပြထားပါသည်။


ထိုအချိန်က ကမ္ဘာကြီးသည် ဂလိုဘယ်လိုက်ဇေးရှင်းသို့ ကူးပြောင်းနေသည့် အချိန်ဖြစ်သည်။ ထုတ်လုပ်မှု လုပ်ငန်းစဉ်များဘက်တွင်၄င်း၊ ထုတ်ကုန်များ၏ ပုံစံဖွဲ့စည်းမှု အရေအတွက်များပေါ်တွင်၄င်း ကန့်သတ်မှု များရှိနေခဲ့ပြီး စျေးသက်သာသည့် လုပ်သားရှာဖွေမှုသည်လည်း ပြင်းထန်ကြမ်းတမ်းသည့်အချိန် ကာလဖြစ်သည်။ ထို့ကြောင့် လူသားများ၏ အလုပ်လုပ်နိုင်မှု စွမ်းအားများ (ဘာသာစကား၊ အသိပညာဗဟုသုတ၊ သင်ယူနိုင်မှု၊ လက်ကွဲရုံးရည်၊ နှလုံးရည်ချက် အစရှိသည်တို့ကို ဆိုလိုပါသည်။) တွင် ကွဲလွဲချက် (Variation) များ ဖြစ်ပေါ်လာပါသည်။ ထို့ကြောင့် တသတ်မတ်တည်းမဟုတ်ပဲ မတည်မငြိမ်ဖြစ်မှုများကို ကုမ္ပဏီများ အနေဖြင့် ခံစားကြရပါသည်။ ထို့အတွက် ကုမ္ပဏီများသည် တည်ငြိမ်သောစနစ်များရရှိနိုင်ရေးအတွက် စံချိန်စံညွှန်းသတ်မှတ်ရေး (Standardization) ကို ပြုလုပ်ရန်စိတ်အားထက်သန်လာကြပါသည်။ ထုတ်ကုန်ထုတ်လုပ်ရာတွင်လည်း ကုန်ကြမ်းပစ္စည်းများကို ဝယ်ယူစားသုံးသူများ နှင့် အခြားသောအဖွဲ့အစည်းများမှ သတ်မှတ်ထားသည့် စံချိန်စံညွှန်းများ၊ အသေးစိတ်ဖော်ပြချက်များနှင့် ကိုက်ညီမှုရှိစေသည့် ထုတ်ကုန်ချောများ ထုတ်လုပ်နိုင်ရန် ကြိုးစားလာကြသည်။ Paul Womack ၏ Lean Thinking ဆိုသည့်စာအုပ်တွင်မူ ထုတ်လုပ်မှုစွမ်းအား (Productivity) မြင့်မားစေနိုင်ရန်အတွက် စဉ်ဆက်မပြတ်တိုးတက်စေရန် ကြိုးပမ်းအားထုတ်မှု (Continuous Improvement) သည် လုပ်ငန်းစဉ်ကောင်းမွန်မှု (Process Excellence) များဖော်ဆောင်ခြင်း လုပ်ဆောင်ချက်များအတွက် လမ်းညွှန်မှုဖြစ်သည်ဟု ဖော်ပြခဲ့ပါသည်။


အမေရိကန် Ford Motor Corporation ၏ ထုတ်လုပ်မှု နည်းစနစ်များကို Taichii Ohno နှင့် Shigeo Shingo တို့သည် လေ့လာပြီးနောက် Just-In-Time Methodology ၏ အခြေခံသဘောတရားပေါ်တွင် အခြေပြု၍ တိုယိုတာထုတ်လုပ်မှုစနစ် (Toyota Production System) ကို စတင်အသုံးပြုခဲ့ကြသည်။ နောင်တွင် ၄င်းသည် Lean Manufacturing System ၏ သန္ဓေတည်ရာဖြစ်လာခဲ့သည်။ ယနေ့ခေတ်တွင်မူ Lean Manufacturing နှင့် ၄င်းနည်းစနစ်၏ ကူညီထောက်ပံ့မှုများသည် လုပ်ငန်းနယ်ပယ် အနှံ့အပြားသို့ ရောက်ရှိနေပြီ ဖြစ်သည်။ တန်ဖိုးစီးဆင်းမှုပြမြေပုံ (Value Stream Mapping)၊ Kaizen, Kanban, Heijunka, Andon အစရှိသည် ဂျပန်အတွေးအခေါ်များသည် အလေအလွင့်အမျိုးအစားတို့ကို ခွဲခြမ်းစိတ်ဖြာပေးပြီး၊ ထိုအလေအလွင့်များကို လုပ်ငန်းစဉ်များအတွင်းမှ မည်သို့မည်ပုံဖယ်ရှားရမည်ကို နားလည်သဘောပေါက်စေရန် ကူညီထောက်ပံ့ပေးသည့် အရာဖြစ်သည်။ Lean Manufacturing အား အသုံးပြုခြင်းဖြင့် ဂျပန်နိုင်ငံသည် ဒုတိယကမ္ဘာစစ်အပြီးတွင် တဟုန်ထိုးတိုးတက်လာခဲ့သည်။


ရာစုနှစ်တစ်ခုကြာပြီးနောက်တွင်တော့ Automachine များ၊ ကွန်ပျူတာများ အသုံးပြု၍ အရေးကြီးသည့် အချက်အလက်များကို ရယူခြင်းများပြုလုပ် လာကြသည်။

53 views0 comments

Recent Posts

See All

Comments

Rated 0 out of 5 stars.
No ratings yet

Add a rating
bottom of page