top of page

Engineering Accords

Writer's picture: Zeyar Than WinZeyar Than Win

အင်ဂျင်နီယာပညာကို လေ့လာလိုက်စား သင်ယူမည့် ကျောင်းသားများအတွက် ရည်ရွယ်ပါသည်။ ကျွန်တော့်ကို ခဏခဏ လာမေးသည့် မေးခွန်းတွေရှိပါသည်။ ဘယ်နိုင်ငံ၊ ဘယ်ကျောင်းမှာ အင်ဂျင်နီယာဘွဲ့ ကိုတက်ရောက်လေ့လာမလို့။ ဘယ်ကျောင်းက ကောင်းလဲ စသဖြင့် မေးမြန်းကြပါသည်။ အင်ဂျင်နီယာပညာရပ်သည် နိုင်ငံတကာတွင် စည်းမျဉ်းစည်းကမ်းနှင့် ထိန်းချုပ်ထားသည့် အသက်မွေးဝမ်းကြောင်းပညာ (Regulated Professional) ဖြစ်ပါသည်။ ထို့ကြောင့် အင်ဂျင်နီယာပညာကို လေ့လာလိုက်စားမည့် သူများသည် Engineering Accords (အင်ဂျင်နီယာပညာရပ်များဆိုင်ရာ သဘောတူညီချက်များ) ကို နားလည်သဘောပေါက်ရန်လိုအပ်ပါသည်


ကိုယ်တက်မည့် ကျောင်းက ဘယ်လို အင်ဂျင်နီယာဘွဲ့တွေ ပေးအပ်တာလဲ။ ဘယ် သဘောတူညီချက်မှာ အကျုံးဝင်တာလဲ။ သက်ဆိုင်ရာနိုင်ငံ၏ အင်ဂျင်နီယာ၊ နည်းပညာဆိုင်ရာ အဖွဲ့အစည်းများမှ အသိအမှတ်ပြုထားခြင်း ရှိမရှိကို လိုက်လံစစ်ဆေးရန်လိုအပ်ပါသည်။


Engineering Accords (အင်ဂျင်နီယာပညာရပ်ဆိုင်ရာ သဘောတူညီချက်များ) တွင် အဓိကအားဖြင့် (၃) မျိုးရှိပါသည်။


1. Washington Accords

၁၉၈၉ တွင်လက်မှတ်ရေးထိုးကြသည့်အတွက် ဝါရှင်တန်သဘောတူညီမှု ဟုအမည်တွင်သည်။  အင်ဂျင်နီယာဘွဲ့များ (Engineering Degree) BE, BEng ဘွဲ့များအတွက် အကျုံးဝင်ပါသည်။ တောင်ကိုရီးယား၊ ရုရှား၊ မလေးရှား၊ နယူးဇီလန်၊ ဩစတေးလျ၊ ကနေဒါ၊ အိုင်ယာလန်၊ ဟောင်ကောင်၊ တိုင်ပေ၊ စင်္ကာပူ၊ သီရိလင်္ကာ၊ ဂျပန်၊ အမေရိကန်၊၊ အိန္ဒိယ၊  ဗြိတိန်၊ ကော်စတာရီကာ၊ မက္ကဆီကို၊ ပီရူး နှင့် ပါကစ္စတန်တို့ ပါဝင်ပါသည်။ ယာယီအဖွဲ့ဝင်များအဖြစ် ချီလီ၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ ဖိလစ်ပိုင်၊ မြန်မာ၊ ဆော်ဒီအာရေဗျ နှင့် နိုက်ဂျီးရီးယား တို့ပါဝင်ပါသည်။ ထို့ကြောင့် မြန်မာ BE ဘွဲ့ရများ အားမငယ်ပါနှင့် ဘွဲ့နှင့်ကိုက်ညီသည့် ဗဟုသုတများအား အမှန်တကယ် သိတတ်အောင်သာကြိုးစားပါ။ မြန်မာ့ အင်ဂျင်နီယာဘွဲ့ BE (Bachelor of Engineering) သည် Washington Accord တွင် Provisional အဖြစ် စာရင်းပေါက်သည့် ဘွဲ့ဖြစ်သည်။ တန်ဖိုးထားပါ။


2. Sydney Accord

ဇွန်လ ၂၀၀၁ တွင် လက်မှတ်ရေးထိုးခဲ့သော သဘောတူညီမှုဖြစ်၍ နည်းပညာဆိုင်ရာဘွဲ့များ BTech (Bachelor of Technology) ဘွဲ့များအတွက် အကျုံးဝင်ပါသည်။ အဖွဲ့ဝင်များအဖြစ် ဩစတေးလျ၊ ကနေဒါ၊ ထိုင်ဝမ်၊ ဟောင်ကောင်၊ အိုင်ယာလန်၊ တောင်ကိုရီးယား၊  တောင်အာဖရိက၊ ဗြိတိန်၊ အမေရိကန်၊ မလေးရှား နှင့် နယူးဇီလန်တို့ပါဝင်ပါသည်။ ယာယီအဖွဲ့ဝင်များ အဖြစ် ပီရူး နှင့် သီရိလင်္ကာတို့ ပါဝင်ပါသည်။


3. Dublin Accord

မေ ၂၀၀၂ တွင် လက်မှတ်ရေးထိုးခဲ့သော စက်မှုလက်မှုပညာသည်ဆိုင်ရာ သဘောတူညီမှုဖြစ်သည်။ ဒီပလိုမာများ နှင့် စက်မှုလက်မှု သက်မွေးဝမ်းကျောင်းဆိုင်ရာ လက်မှတ်များအား ရည်ရွယ်သည့် သဘောတူညီမှုဖြစ်သည်။ ဩစတေးလျ၊ ကနေဒါ၊ အိုင်ယာလန်၊ နယူးဇီလန်၊ တောငိကိုရီးယား၊ ဗြိတိန်၊ အမေရိကန်၊ မလေးရှား နိုင်ငံတို့ လက်မှတ်ရေးထိုးခဲ့ ကြသည့် သဘောတူညီမှုဖြစ်သည်။


ထို့ကြောင့် အင်ဂျင်နီယာပညာ၊ နည်းပညာ ဆိုင်ရာဘွဲ့များ၊ ဒီပလိုမာများအား လေ့လာသင်ယူမည်ဆိုပါက ကိုယ်လေ့လာမည့် BE, BEng, BTech, Diploma အစရှိသည်တို့သည် ဘယ် Accord တွင် အကျုံးဝင်သည်ကို သိရှိနားလည်သဘောပေါက်ရန် လိုအပ်ပါသည်။

Comments

Rated 0 out of 5 stars.
No ratings yet

Add a rating
bottom of page