Assembly Lines များ၏ သမိုင်းကြောင်း
- Zeyar Than Win
- Oct 9, 2024
- 1 min read
ထုတ်ကုန်ထုတ်လုပ်တပ်ဆင်ရေးလိုင်းများ (Assembly Lines) များသည် ထုတ်ကုန်ထုတ်လုပ်ရေးတွင် အရေးကြီးသည့် တော်လှန်ရေးတစ်ခုဖြစ်သည်။ ယနေ့ ခေတ်ပေါ်ထုတ်လုပ်ရေး (Modern Manufacturing) နယ်ပယ်အတွက် အရေးကြီးသည့် အခန်းကဏ္ဍတွင် ပါဝင်အသုံးတော်ခံနေသည့် အရာပင်ဖြစ်သည်။ ထုတ်ကုန်ထုတ်လုပ်တပ်ဆင်ရေးလိုင်းများသည် ၄င်းတို့သန္ဓေတည်ချိန်မှ စတင်၍ ယနေ့အချိန်အထိ ထုတ်လုပ်ရေးလုပ်ငန်းစဉ်များ၏ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးခဲ့သည်။ ကုန်ကျစရိတ်များကို သက်သာစေခဲ့သည်။ အမြောက်အများထုတ်လုပ်ရေး (Mass Production) နည်းပညာများကို သီအိုရီဘဝမှ လက်တွေ့ဘဝများထဲသို့ ဆောင်ကျဉ်းခေါ်ယူနိုင်ခဲ့သည်။
Assembly Lines များ မတိုင်မီက အခြေခံသဘောတရားများ
ယနေ့ခေတ် ခေတ်ပေါ် စက်ရုံ၊ အလုပ်ရုံများ မတိုင်မီ လက်မှုပညာရှင်များသည် တစ်ဦးတစ်ယောက်တည်း တစ်သီးပုဂ္ဂလ ပုံစံမျိုးဖြင့် ထုတ်ကုန်ပစ္စည်းများကို ထုတ်လုပ်ခဲ့ကြသည်။ ထို့ကြောင့် ထုတ်လုပ်သည့် လုပ်ငန်းစဉ် (Process) များသည် နှေးကွေး၍ စျေးကြီးခဲ့သည်။ သို့သော်လည်း (၁၈) ရာစုလောက်တွင်မူ အဆင့်များခွဲခြားသတ်မှတ်၍ အဆင့်တစ်ဆင့်ခြင်း ထုတ်ကုန်ထုတ်လုပ်မှုများပြုလုပ်ရန် စဉ်းစားတွေးခေါ်လာကြသည်။ Eli Whitney ဟူသည့် ပုဂ္ဂိုသည် လက်နက်များထုတ်လုပ်ရာတွင် ပိုမိုလွယ်ကူ၍ မြန်ဆန်စေရန်အတွက် စံစနစ်သတ်မှတ်ထားသည့် အစိတ်အပိုင်းများကို သတ်မှန်အသုံးပြု၍ လဲလှယ်တပ်ဆင်နိုင်သည့် အစိတ်အပိုင်းများ (Interchangeable Parts) များကို အသုံးပြုခြင်းဖြင့် ထုတ်လုပ်ရေးအင်ဂျင်နီယာပညာ (Manufacturing Engineering) ကို တစ်ခေတ်ဆန်းစေခဲ့ပါသည်။
စက်မှုတော်လှန်ရေး၏ အခန်းကဏ္ဍ
စက်မှုတော်လှန်ရေးသည် ထုတ်ကုန်တပ်ဆင်ထုတ်လုပ်သည့် လိုင်းများအတွက် အဆင်ပြေချောမွေ့စေမည့် ရေနွေးငွေ့အင်ဂျင်များ၊ တြခါးသော စက်ကိရိယာ၊ တန်ဆာပလာများကို သယ်ဆောင်လာခဲ့သည်။ ထိုခေတ် ထိုအခါက စက်ရုံများသည် စက်မှုတော်လှန်ရေးနှင့် ကျွဲကူးရေပါ လိုက်လာသည့် နည်းပညာများ၊ စက်ပစ္စည်း ကိရိယာတန်ဆာပလာများကြောင့် ယခင်
ကထက် ကုန်ပစ္စည်းများ ထုတ်လုပ်ရာတွင် မြန်ဆန်လာသော်လည်း အမြောက်အများ အစုလိုက် အပြုံလိုက်ထုတ်လုပ်မှုကိုမူ အကောင်အထည်ဖော်နိုင်ရန်အတွက် အတော်ပင်အလှမ်းဝေးနေခဲ့ သေးသည်။ (၂၀) ရာစု အစောပိုင်းကာလများတွင်တော့ အမြောက်အများထုတ်လုပ်မှုအား အမှန်တကယ်အကောင်အထည် ဖော်နိုင်သည့် အခြေခံသဘောတရားများနှင့် ချဉ်းကပ်မှု အသစ်များသည် ထုတ်လုပ်ရေးလုပ်ငန်းများ၊ ထုတ်လုပ်ရေးလုပ်ငန်းစဉ်များနှင် ပတ်သက်၍ အရာရာကို ပြောင်းလဲ စေခဲ့ပါသည်။
Henry Ford ၏ ကစားနည်းအသစ်
၁၉၁၃ ခုနှစ်တွင်မူ Henry Ford သည့် ရွေ့လျားနိုင်သည့် ထုတ်ကုန်ထုတ်လုပ်တပ်ဆက်ရေးလိုင်များ (Moving Assembly Lines) များအား စတင်သုံးစွဲခြင်းဖြင့် ထုတ်လုပ်မှု အင်ဂျင်နီယာပညာရပ်နယ်ပယ်ကို သွေးသစ်လောင်းခဲ့ပါသည်။ သူ၏ အဓိကရည်မှန်းချက်သည် စျေးနှုန်း အသင့်အတင့်ရှိသည့် ကားများကို ထုတ်လုပ်ရောင်းချရန်ဖြစ်ပြီး၊ Model T ဟူသည့် မော်တော်ကားထုတ်လုပ်မှုတွင် ထုတ်လုပ်တပ်ဆင်ရေးလိုက်များကို အသုံချခြင်းဖြင့် အောင်မြင်မှုသရဖူကိုဆောင်းနိုင်ခဲ့ပါသည်။ စက်ရုံအလုပ်သမားများအား သတ်မှတ်ထားသည့် နေရာများတွင် နေရာယူစခန်းချစေကာ ထုတ်လုပ်ဆဲကားများအား Conveyor Belt များပေါ်တွင် ရွေ့လျားစေ၍ အထက်တွင်ဖော်ပြခဲ့သည့် စက်ရုံလုပ်သားများသည် သတ်မှတ်ထားသည့် လုပ်ငန်းစဉ်များ၊ လုပ်ငန်းဆောင်တာ တစ်ခုခုကို တိကျလိုက်နာ၍ လုပ်ကိုင်ဆောင်ရွက်ရခြင်းပင် ဖြစ်သည်။ ဖို့ဒ်ကော်ပိုရေးရှင်း၏ ထုတ်ကုန်ထုတ်လုပ်တပ်ဆင်ရေးလိုင်းများသည် ကားများကို ထုတ်လုပ်ရာတွင် စျေးသက်သက်သာသာနှင့် ထုတ်လုပ်နိုင်၍ စျေးနှုန်းသက်သာသည့် ကားများကို လူအများထံသို့ ပို့ဆောင်ပေးနိုင်ခဲ့ကာ စက်မှုလုပ်ငန်းများအား ဆန်းသစ်သောလှိုင်းတစ်ခု အဖြစ်ဖန်တီးပေးခဲ့လေသည်။
ဒုတိယကမ္ဘာစစ် နှင့် Assembly Lines များ
ဒုတိယကမ္ဘာစစ်အတွင်း စစ်လက်နက် ပစ္စည်းများလိုအပ်ချက်သည် အဆမတန်မြင့်မားလာခဲ့သည်။ ထိုကွက်လပ်ကိုဖြည့်ဆည်းရာတွင် ထုတ်ကုန်ထုတ်လုပ်ရေးလိုင်းများသည် လွန်စွာမှ အရေးပါခဲ့သည်။ တချိန်တခါက လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်သည့် စက်ရုံများ၊ အလုပ်ရုံများသည် တင့်ကားများ၊ တိုက်လေယာဉ်များ နှင့် အခြားသော စစ်အတွင်းလိုအပ်သည့် ပစ္စည်းများကို မကြုံစဖူးသည့် အမြန်နှုန်းဖြင့် ထုတ်လုပ်ခဲ့ရသော အချိန်များလည်း ဖြစ်ခဲ့ပါသည်။ ထုတ်ကုန်ထုတ်လုပ်ရေးလိုင်းများ၏ စွမ်းဆောင်မှုများသည် စစ်ပွဲများအတွင်း အရေးကြီးကြောင်း သက်သေဖြစ်လာခဲ့ကြပြီး၊ အကြီးစားထုတ်လုပ်မှုများတွင် ၄င်းတို့၏ အရေးပါမှုသည် ခိုင်မာလာခဲ့သည်။
Comments